Friday, April 19, 2013

အာရုံမှသည် ပညတ်ဆီသို့

အာရုံမှသည် ပညတ်ဆီသို့
          ကျွန်တော်စိတ်ထဲမှာသိတယ်လို့လည်းထင်နေတယ်၊ လက်တွေ့လည်းပြောဆိုသုံးစွဲနေတဲ့ ဝေါဟာရတစ်ခုကို တကယ်ထဲထဲဝင်ဝင်သိရဲ့လားလို့ စစ်မေးခံရတဲ့ခါမှာဝေဝါးသွားတာ ၊ ဒါကဘာလဲ ဆိုတာကိုသေချာမသိတာ မျိုးကို မကြာခဏကြုံရပါတယ်။ ဖီလိုဆိုဖီ ရဲ့သမိုင်းတွေလေ့လာကြည့် တဲ့ခါမှာတော့ ကျွန်တော် ဘာကြောင့်ခုလို ဖြစ်ရသလဲဆိုတာကို သဘောပေါက်လာတယ်။ ဘီစီ ၄၀၀ လောက် က လူသားတွေဟာ ခု ကျွန်တော်တို့လို ဝေါဟာရတွေကို အဆင်သင့်သုံးစွဲခွင့်မရကြပါဘူး ။ အကြောင်းအရာတွေ ၊ အတွေးအခေါ်တွေ ၊ အရာဝထ္ထုတွေ အသစ်အဆန်းတွေ့လာတဲ့ခါ ဒါကဘာလဲဆိုတာနာမည်ပေးဖို့ ၊ အဓိပ္ပါယ်ဖွင့်ဆိုဖို့ (တနည်း) ပညတ် ဖို့အတွက် အသည်းအသန်ငြင်းခုန်ရပါတယ်။ ဥပမာ မရှိခြင်းဆိုတာဘာလဲ ၊ ယုံကြည်မှုဆိုတာဘာလဲ ၊ ရေဆိုတာဘာလဲ ၊ ကမ္ဘာဆိုတာဘာလဲ စသဖြင့်ပေါ့။ လူတွေဟာ အရာဝထ္ထု အသစ် ၊ အကြောင်းအရာအသစ် တစ်ခုကိုစတင်တွေ့ပြီဆိုရင် စစချင်းဖြစ်ပေါ်တာက လူ့ရဲ့အာရုံပါ ။ ဥပမာ အသီးလေးတစ်လုံးဆိုပါတော့ လူတွေရဲ့ အာရုံမှာဘာစပေါ်မလဲဆိုရင်လက်တစ်ဆုပ်လောက် ဟာလေး ၊ အလုံးလေး ၊ အနီရောင်လေး ။ အဲဒီကနေတဆင့် ကိုင်ကြည့်မယ် နူးညံ့တဲ့အထိတွေ့ရှိတယ် ၊ စားကြည့်မယ် .. ချိုစိမ့်တဲ့အရာသာရှိတယ် ။ နောက်တဆင့် ဒါဟာဘာဖြစ်မလဲဆိုပြီး လူတွေက တွေးတောကြမယ် ။ လူအာရုံ ကနေတဆင့် အရာဝထ္ထု ၊ အကြောင်းရာတစ်ခုပေါ်မှာ လူတွေကရလိုက်တဲ့ နားလည်မှု ဆိုတာဖြစ်ပေါ်တယ်။ နားလည်မှုကနေ တဆင့် တက်လို့ နာမည်ပေးတာတွေ ၊သင်္ကေတပြုတာတွေ ၊ တခြားသူတွေ နားလည်ဖို့ အတွက် အဓိပ္ပါယ်ဖွင့်ဆိုတာတွေလုပ်ကြရတယ်။ စောစောကအသီးလေးတစ်လုံးကို ပန်းသီးလို့ နာမည်ပေးလိုက်သလိုမျိုးပေါ့ ။ နာမည်ပေး အဓိပ္ပါယ်ဖွင့်ဆိုမှုတွေကမှတဆင့် ကျယ်ပြန့်လာတဲ့ခါ ၊ သီအိုရီတွေ ၊ ဥပဒေသတွေ ၊ သဘောသဘာဝတွေ ဖြစ်ပေါ်လာကြတယ်။ဘာသာရေး ရှုထောင့်ကပဲကြည့်ကြည့် ၊ သိပ္ပံရှုထောင့်ကပဲကြည့်ကြည့် ပညတ်ဆိုတာ သူရဲ့မူလဘူတအရှိတရားနဲ့ ကွဲလွဲနိုင်တယ် ၊ မှားယွင်းနိုင်တယ် ။ ဘာကြောင့်လဲဆိုတော့ လူတွေရဲ့အာရုံမှာလာထင်တဲ့နားလည်မှုကနေ တည်ဆောက်ထားခဲ့ကြလို့ပဲ ။ ဒီသဘောတရား ကို သိပ္ပံတွေမပေါ်ခင် ၊ အတွေးခေါ်ဖွင့်ဖြိုးမှုတွေရဲ့အစလို့ ပြောရမဲ့ ဆော့ခရေတီးထက် နှစ်ပေါင်း ၁၄၅ နှစ် လောက်စောပြီး ဗုဒ္ဓ က သိခဲ့တယ်ဆိုတာတွေးကြည့်ရင် ဘယ်လောက်တောင် အံ့သြဖို့ကောင်းလိုက်သလဲ ။





မောင်ကျောင်းသားနဲ့သီအိုရီ

          ကျွန်တော်အပါဝင်မြန်မာကျောင်းသား အတော်များများပြောလေ့ရှိကြတဲ့စကားတစ်ခွန်းက “practical လုပ်ဖို့ပစ္စည်းတွေမှမရှိတာ ၊ သက်ဆိုင်ရာဘာသာရပ်တွေဘယ်နားလည်မလဲ ၊ ဘယ်တတ်မလဲ” ဆိုတဲ့စကားပါ။ တကယ်တမ်း ကျွန်တော်တို့ အဲဒီစကားကိုပြောခဲ့ကြတာဟာ “သီအိုရီဆိုတာဘာလဲ ၊သီအိုရီတွေဘယ်လိုဖြစ်ပေါ်လာသလဲ” ဆိုတာကိုမသိခဲ့ကြလို့ ပါပဲ ။သက်ဆိုင်ရာဘာသာရပ်တွေရဲ့ သီအိုရီကို concept မပါပဲ သင်ကြားခဲ့ကြရလို့ပါပဲ ။ whyဆိုတဲ့ မေးခွန်းတွေ နာနာမမေးခဲ့ကြလို့ပါပဲ ။ သိပ္ပံဘာသာရပ်တွေရဲ့ ဥပဒေသတွေကိုလေ့လာကြည့်တဲ့ခါ Empirical law နှင့် fundamental law ဆိုပြီး ၂ မျိုးရှိတာတွေ့ကြရမှာပါ ။ Empirical lawဆိုတာ အတွေ့အကြုံ ၊ စမ်းသပ်ချက် တစ်ခုခုပေါ်ကနေရရှိလာတဲ့ ဥပဒေသ မျိုးပါ ၊ ဒါဟာဒီလိုအလုပ်လုပ်တယ် လို့ရှင်းပြနိုင်ပေမဲ့၊ဒါဟာဘာကြောင့်ဖြစ်တယ်ဆိုတာကို ပြောမပြနိုင်ဘူး။ ထင်သာမြင်သာတဲ့ ဥပမာအနေနဲ့ပြောရရင် ဂယ်လီလီယို ထုတ်ဖော်ခဲ့တဲ့ အရာဝထ္ထုတွေ မြေကြီးပေါ်ကျတဲ့ခါအချိန်နဲ့အကွာဝေးရဲ့ ဆက်နွှယ်ချက်ပေါ့ ။ ဂယ်လီလီ ယို က ပစ္စည်းတွေကိုအမြင်ကနေချကြည့်တယ် ။ ပြီးတော့အချိန်ကိုမှတ်သားတယ် ။ ဘယ်လောက်အမြင့်ကနေကျတဲ့ခါ ၊ဘယ်လောက်ကြာတယ်ဆိုပြီးမှတ်သားတယ် ။ ပြီးတော့ ဥပဒေသတစ်ခုထုတ်လိုက်တယ် ။ d=10t^2 တဲ့ ။ မြေကြီးပေါ်ကျတဲ့ ကြာချိန် ၂ ဆကို ၁၀ နဲ့ မြှောက်ရင်ဘယ်လောက်မြင့်တယ်ဆိုတာ သိမယ်တဲ့ ။ ဒါပေမဲ့ ဘာကြောင့် ဆိုတာရှင်းမပြနိုင်ခဲ့ဘူး ။ Newtonကတော့ ပန်းသီးလေး တစ်လုံး  မြေကြီးပေါ်ပြုတ်ကျတာကိုကြည့်ပြီး ၊ ဘာကြောင့် မြေကြီးပေါ် ကျရသလဲဆိုတာကို သူစဉ်းစားတယ် ၊တွေးခေါ်တယ် ။ စမ်းသပ်လေ့လာတယ် ။ အဲဒီနောက်မှာတော့ ပစ္စည်းတွေ မြေကြီးပေါ်ကျတာဟာ gravitationalforce ကြောင့်ဆိုတာ ပြောပြနိုင်ခဲ့တယ် ။ ပိုပြီးကျယ်ပြန့်တဲ့  Three laws of motion ဆိုတာတွေကိုထုတ်ဖော်နိုင်ခဲ့တယ်။ အဲဒီ လောတွေကနေတဆင့် ကျွန်တော်တို့လူသားတွေဟာ ဂြိုလ်တွေရဲ့တည်ရှိပုံတွေ ၊ဘာကြောင့်တည်နေသလဲဆိုတာတွေ နားလည်နိုင်ခွင့်ရခဲ့ကြသလို ၊ အာကာသလွန်းပျံယာဉ်တွေ ၊ရော့ကတ်တွေ ၊ ဂြိုလ်တုတွေ စတဲ့ နည်းပညာ တိုးတက်ပြောင်းလဲမှုတွေလည်းဖြစ်ပေါ်ခဲ့ရတယ်။ အကြောင်းအရာ ချဉ်းကပ်မှုချင်းကတော့ အတူတူဆိုပေမဲ့ ဂယ်လီလီယိုရဲ့ဖော်ထုတ်မှုကိုemprirical law လို့ခေါ်ပြီးတော့ ၊ နယူတန် ဖော်ထုတ်ခဲ့တာကိုတော့ fundamental lawလို့ခေါ်ပါတယ် ။ Practical ဟာ သစ်ပင်ကိုကြည့်ခြင်းဖြစ်ပြီး ၊ သီအိုရီဆိုတာကတော့သစ်တောကိုကြည့်ခြင်းဖြစ်ပါတယ်။

လူသားများနှင့်ဆင်ခြင်သိ

        နယူတန် ဟာ သူ့ရဲ့မွေးဖွားဇာတိရွာလေးကို ၂ နှစ်ကျော်ပြန်နေရင်းမြေဆွဲအားနိယာမတွေ ၊ Three laws of motion ဆိုတာတွေကို ဖော်ထုတ်ရင်း နဲ့အတူ MathematicalPrinciples of Natural Philosophyဆိုတာကိုလည်း ထုတ်ဖော်ရေးသားခဲ့ပါတယ် ။ ကျွန်တော်တို့ တွေသချာင်္မှာသင်ခဲ့ ကြရတဲ့ကဲကုလပ်စ်  ဆိုတဲ့ အရာဟာ အဲဒီထဲမှာပါတာပါ ။ကဲကုလပ်စ်မှာ အဓိက က differentiate နဲ့ integrate ပေါ့ ။ differentiate ဆိုတာ ကချုံ့ခြင်းသဘော ၊ Integrate ဆိုတာကတော့ ချဲ့ခြင်း သဘော လို့ ယေဘုယျ ပြောလို့ရမယ်ထင်ပါတယ်။ ဒီသချာင်္ နည်းစနစ် နဲ့ အတွေးခေါ် concept တစ်ခုဘယ်လို ဆက်နွှယ်သလဲနေသလဲ ။ ဥပမာတစ်ခုပေါ့ ဆန်တတင်း ထဲက ဆန်တွေကိုကျွန်တော်တို့ရေတွက်မယ်ဆိုပါတော့ ။ ဖြစ်နိုင်ပါ့မလား ။ဆန်တစ်တင်းမှာ ၁၆ ပြည်ရှိတယ် ။ ၁ ပြည်မှာ နို့ဆီဗူး ၈ လုံးရှိမယ် ။နို့ဆီဗူးတစ်လုံးမှာ လက်ဖက်ရည် ပန်းကန် ၄လုံးရှိမယ်(ခန့်မှန်းချေ)။ တင်းတောင်းထဲကဆန်တွေကိုရေတွက်ဖို့ ထက် လက်ဖက်ရည်ပန်းကန်တစ်လုံးထဲက ဆန်စေ့တွေကိုရေတွက်ဖို့ ဟာပိုမိုလွယ်ကူစေမှာပါ ။ လက်ဖက်ရည်ပန်းကန်လုံးတစ်ခုထဲက ဆန်စေ့ဟာ အစေ့တစ်သောင်းရှိတယ်ဆိုပါတော့ ၊ နို့ဆီဗူးတစ်ဗူးအတွင်းမှာ ဆန်စေ့လေးသောင်းရှိမှာဖြစ်ပါတယ် ။ ဆန်တစ်ပြည်အတွင်းမှာတော့ ဆန်စေ့ သုံးသိန်း၂ သောင်းရှိမှာဖြစ်ပါတယ်။ တင်းတောင်းထဲမှာဆိုရင်တော့ ဆန့်စေ့ ပေါင်း ငါးဆယ့်တစ်သိန်း ၂သောင်းရှိမှာဖြစ်ပါတယ်။ ဒါဟာ ဒီဖရန်ရှိတ်နဲ့ အင်တီဂရိတ်တို့ရဲ့ ယေဘုယျ conceptလေးပါ ။

          အဲလိုနည်းတွေနဲ့ပဲ infinity line ဆိုတဲ့အဆုံးစမဲ့မျဥ်းတွေ ကို လူသားတွေက တစ်လက်မလောက်စာရွက်လေးပေါ်မှာ မျဉ်းတိုလေးကိုမျှား ၂ ဖက်တပ်ပြီး ချုံ့နိုင်ခဲ့ကြတယ်။ မီးလုံးလေး ကနေ အလင်းရောင်လက်ကနည်းအထ ၊ အကွာဝေးတစ်ခုကနေစမြင်ရချိန်ကိုမှတ်လို့ အလင်းအလျင်ကို လူတွေရှာတတ်ခဲ့တယ် ။ အဲဒီအလင်းအလျင် ကိုဆင်ခြင်သိနဲ့ပေါင်းစပ်ပြီး နေနဲ့ ကမ္ဘာကြားဘယ်လောက်ကွာဝေးတယ်ဆိုတာကိုခန့်မှန်းနိုင်ခဲ့ကြတယ် ။ ဆင်ခြင်သိကို အသုံးပြုပြီးတော့ပဲ ကမ္ဘာရဲ့ပတ်လမ်းဟာဘယ်လောက်ရှည်လျားတယ် ၊ ကမ္ဘာကြီးဟာ ဘယ်လောက် အမြန်နှုန်းနဲ့လည်ပတ်နေတယ် ။ရာသီဥတု ၄ ခုဖြစ်ပေါ်နေလို့ ကမ္ဘာကြီးရဲ့ ဝန်ရိုးဟာ ၂၃.၅ ဒီဂရီတိမ်းစောင်းလည်ပတ်နေတယ်ဆိုတာကို သိခဲ့ကြတယ် ။ ဒီအရာတွေဟာ အတိုင်းတာတစ်ခု ၊အရာဝထ္ထုတစ်ခုနဲ့ လက်တွေ့တိုင်းတာပြီးသိရှိခဲ့ကြတာမဟုတ်ပါဘူး ။ ဆင်ခြင်သိ ကြောင့်သိခဲ့ရတဲ့အရာတွေဖြစ်ပါတယ် ။

          အပေါ်မှာပြောခဲ့သလိုပါပဲပါရမီရှင်တွေ ရဲ့ အာရုံသိကနေ ၊ သူတို့နားလည်မှုဖြစ်လာတယ်။ သူတို့ရဲ့ တွေ့ရှိမှုတွေ၊ နားလည်မှုတွေ ၊ တွေးခေါ်မှုတွေ ကို ချုံ့ပြီး တော့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေ ၊အီကွေးရှင်းတွေ၊ဖော်မြူလာတွေ၊သီအိုရီတွေကိုနောက်လူတွေဆီလက်ဆင့်ကမ်းပေးကြတာဖြစ်ပါတယ်။နောက်မျိုးဆက်တွေက အဲဒီသီအိုရီတွေကိုလေ့လာတဲ့ခါမှာ ဒါကဘာလဲ ၊ ဘယ်လိုအလုပ်လုပ်တာလဲ၊ ဘယ်နေရာမှာသုံးတာလဲ ၊ ဘာကြောင့်ဖြစ်ပေါ်လာတာလဲ ၊ အဲဒီပညာရှင်ကဘယ်လိုတွေးခေါ်ခဲ့တာလဲ ၊ ဘာကြောင့် အဲလိုတွေးခေါ်ခဲ့တာလဲဆိုတာတွေကို လေ့လာမှုတွေ၊ဆင်ခြင်သိတွေနဲ့ပေါင်းစပ်ပြီး ပြန်ချဲ့ ယူကြရပါတယ် ။ အဲဒီဆင်ခြင်သိ ၊ဆက်စပ်တွေးခေါ်နိုင်မှုဟာ လူသားတွေမှာသာလျှင်ပိုင်ဆိုင်သောအရာဖြစ်ပါတယ် ။

နည်းနည်းစောင့်ပါ၊ များများမေးပါ

          ကျွန်တော်တို့ရှင်သန်နေတဲ့ခေတ်ကြီးဟာIT ခေတ်ဖြစ်တဲ့အတွက် အရမ်းမြန်ဆန်ပါတယ်။ အပြိုင်ဆိုင်တွေများသလို၊ပတ်ဝန်းကျင်ရဲ့တောင်းဆိုမှုတွေ၊စိန်ခေါ်မှုတွေကလည်းအရမ်းများပါတယ်။ အရင်က ကျွန်တော်တို့ စာအုပ်တစ်အုပ်ကိုဖတ်မယ် ဆိုရင် အချိန် ၂ နာရီလောက်ပေးရမယ် ။အဲဒီ ၂ နာရီလောက်အတွင်းမှာကျွန်တော်တို့အတွက် ပေးနိုင်တဲ့ ဗဟုသုတအကြောင်းရာတစ်ခုတလေပါချင်လည်းပါမယ် ၊ ပါချင်မှလည်းပါမယ် ။ ခုခေတ်မှာတော့အဲလိုမဟုတ်တော့ဘူး အင်တာနက်မှာ လိုချင်တာလေးရွေးရှာ ရွေးဖတ် နာရီဝက်လောက်အတွင်းမှာကိုသိချင်တာလေးတွေသိသွားပြီ ။အရင်က ကိုယ်နဲ့လက်လှမ်းမမှီတဲ့ဖီးလ်တစ်ခုတည်းကအကြောင်းရာတွေ ၊ စာအုပ်တွေဖတ်မယ်ဆိုရင် ဟိုဟာလေးဖတ်ရနိုးနိုး ၊ဒီဟာလေးက ဟုတ်နိုးနိုးဖြစ်နေတတ်တယ်။ ခုခေတ်မှာတော့ social networkတွေကိုအသုံးချပြီး ဖိုရမ်တွေ ၊ ဂရုတွေထဲမှာ ကိုယ်လေ့လာချင်တဲ့ field ထဲမှာရောက်နှင့်နေပြီးသားလူတွေရဲ့ ဆွေးနွေးချက်တွေဖတ် မယ် ။ သူတို့ဆီက အကြံဥာဏ်တွေတောင်းခံပြီးမြန်မြန်ဆန်ဆန် သွားနိုင်မှာဖြစ်ပါတယ်။

          ဒါပေမဲ့ခေတ်ရဲ့လျင်မြန်မှုနောက်ကို အသည်းသန်လိုက်ရင်းကျွန်တော်တို့ဟာ ပွန်းတွေ ဖြစ်မှန်းမသိဖြစ်သွားတတ်ကြတယ် ။ နိုင်ငံရေး ၊ ဘာသာရေး ၊ လူမှုရေး ကိစ္စတွေမှာ ထစ်ခနည်းဆိုတာနဲ့ဝင်ပါပြီးသားဖြစ်သွားတာတွေ ၊ ဗေထိ ဆိုတာနဲ့ကွဲပြီးသားဖြစ်သွားတာမျိုးတွေ ကိုယ်တွေ့ကြုံဖူးမှာပါ ။ အရာရာတိုင်းကို ကိုယ်ထိတွေ့ နေရတာလေးနဲ့ ဆုံးဖြတ်လို့မရပါဘူး ။ကိုယ်ကိုယ်တိုင်ကခေတ်တစ်ခုရဲ့ပါဝင်ကပြသူဖြစ်နေတဲ့ချိန်မှာနောက်နည်းနည်းဆုတ်ကြည်ဖို့လိုအပ်ပါတယ်။ ဘယ်လိုမျိုးလဲ ၊ ဘာကြောင့်လဲ ၊ ဘာတွေဖြစ်လာနိုင်သေးလဲ ဆိုတဲ့မေးခွန်းမျိုးတွေကိုအများကြီးမေးဖို့လိုပါတယ် ။ အရာရာတိုင်းကို ကိုယ့်အတွေ့ ကြုံ ၊ စိတ်ခံစားမှုတွေနဲ့ သေချာလို့ မရပါဘူး ။ သေချာမှု အန္တရာယ်ဆိုတာ ကိုယ့်ကိုယ်ကိုလည်း ဒုက္ခပေးတတ်သလို၊ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကိုလည်း ဒုက္ခလှလှကြီးပေးတတ်ပါတယ်။နောက်ဆုတ်ကြည့်သင့်ရင်ကြည့်ရမယ် ၊ ဘေးထွက်ကြည့်သင့်ရင်လည်းကြည့်ရမယ် ။ဖြစ်နိုင်ရင်တော့ အမြင့်ကနေ ကြည့်နိုင်ရင်အကောင်းဆုံးပါပဲ ။

          အမြင့်ဆုံးကိုလည်းတက်လှမ်းကြပါ၊ ခေတ်ရဲ့တောင်းဆိုမှု အတိုင်း များများလည်းပြေးကြပါ။ သို့ပေမဲ့ ခေတ်ရဲ့သားကောင်တွေ၊ ပွန်းတွေ ၊ အသုံးချခံတွေဖြစ်မသွားရအောင် လူသားတွေ မှာ သာပိုင်ဆိုင်တဲ့ ဆက်စပ်တွေးခေါ်မှုကို များများလုပ်ကြဖို့လိုပါလိမ့်မယ် ။

မှတ်ချက်။ ။ (စိတ်ထဲရှိရာတွေ ရေးလိုက်တဲ့အတွက် အမြီးအမောက် လည်းတည့်ချင်မှတည့်ပါလိမ့်မယ် ၊ကျွန်တော် အသိမှား ၊ အမှတ်မှား တာများရှိခဲ့ရင်လည်း ထောက်ပြကြဖို့ မေတ္တာရပ်ခံပါတယ်။)

(ရုပ်ဆိုး)

No comments:

Post a Comment