Friday, April 19, 2013

မဟုတ်ရပါဘူး ဒကာမလေးရယ် နဲ့ မှားပါတယ် ဦးပဉ္ဇင်း ရယ်


၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွေဝါရောင်တော်လှန်ရေးကြီးအပြီး
မှာ ထိုင်းမြန်မာနယ်စပ်ကို လူအတော်များများနဲ့ ဘုန်းကြီး အတော် များများ ရောက်ရှိလာခဲ့ကြတယ်။ တကယ်တော်လှန်ရေးထဲမှာ ပါခဲ့တဲ့သူတွေရော၊ တကယ်ကံဆောင် ဘုန်းကြီးတွေရော၊ တကယ် ကံဆောင်တဲ့ အထဲမှာ မပါဘဲ နယ်စပ်ကနေတဆင့် နိုင်ငံခြားသွားချင်တဲ့ ဘုန်းကြီးတွေရော အမျိုးစုံရောက်ရှိလာကြတယ်။ အဲဒီ အထဲက ဘုန်းကြီးတွေနဲ့ ပတ်သက်တဲ့ အမှတ်တရ ရှိမိတာလေးတွေ တချို့ကို ပြန်ပြောပြချင်ပါတယ်။

အဲဒီမှာ တကယ်ကံဆောင်ဘုန်းကြီးလား၊ ကံမဆောင်ဘုန်းကြီးလား မသိတဲ့ ကိုယ်တော်တပါးရဲ့ အကြောင်းကိုပါ။ ဒီဘုန်းကြီးက စက်ရုံတခုမှာ အလုပ်လုပ်တဲ့ မြန်မာမလေးတယောက်နဲ့ တယ်လီဖုန်းထဲကနေ ချစ်သူတွေဖြစ်နေကြတယ်။ လူချင်းတော့ မတွေ့ ဖူးကြဘူးပေါ့။


အဲဒီလိုနဲ့ ၂ လ လောက်အကြာမှာ စက်ရုံထဲကလူတွေက ကောင်မလေးကိုပြောကြတယ်။

“ကြည့်လည်းလုပ်ဦး နင့် ကိုကို ဆိုတဲ့ သူက ဘုန်းကြီးလို့ သူများတွေ ပြောနေကြတယ်”ပေါ့။

အဲဒါနဲ့ ကောင်မလေးကလည်း ဇဝေဇ၀ါဖြစ်သွားပြီး ည ရောက်တဲ့အခါ ထုံးစံအတိုင်း သူ့ကိုကို ဆီကို ဖုန်းဆက်ပြီးမေးတော့တာပဲ။

“ကိုကို ကိုကို့ကို သူများတွေကပြောနေကြတယ်၊ ကိုကိုကဘုန်းကြီး ဆို ဟုတ်သလား ကိုကို”လို့ မေးလိုက်တဲ့အခါ သူ့ရဲ့ကိုကို
ပြန်ဖြေလိုက်တာကတော့ -

“မဟုတ်ရပါဘူး ဒကာမလေးရယ်” တဲ့ ။

နောက်ထပ် ကိုယ်တော်တပါးနဲ့လည်း အွန်လိုင်းပေါ်မှာ အမှတ်တရ ဆုံခဲ့ပါသေးတယ်။

ဒီလိုနဲ့ တရက် အွန်လိုင်းတက် နေတုန်း ကျနော့်ရဲ့ ဂျီတော့ခ် မှာ တယောက်က အင်ဗိုက်လာလုပ်ထားတယ်။ သူ့ နာမည် ကို ဖတ်လိုက်တော့“အပြာရောင် ရူးသွပ်သူလေး”လို့ အဓိပ္ပာယ်ရတယ်။ နောက် တရက်မှာ အဲဒီ အပြာရောင် ရူးသွပ်သူလေး နဲ့ ကျနော် လိုင်းပေါ်မှာတွေ့ကြပါတယ်။

သူက ဟိုင်း ဆိုတော့ ကိုယ်ကလည်း ဟိုင်းပေါ့။ သူက မြန်မာလို စရိုက်တယ်။

“အမေရိကမှာ အဆင်ပြေရဲ့လား၊ မဲဆောက်ကို ပြန်မလာတော့ဘူးလား”တဲ့။

ကျနော်ကလည်း “အင်း လာပါမယ်” ပေါ့။

စကားတွေကလည်း ဟိုရောက် ဒီရောက် စာရေးပြီး ပြောကြပေါ့။ ရုပ်ရှင်အကြောင်း၊ သီချင်းအကြောင်း၊ အံမယ် နိုင်ငံရေး ကိစ္စ တချို့တောင် နည်းနည်း ပါလိုက်သေးတယ်။ အွန်လိုင်း ချက်တင် တို့ရဲ့ ထုံးစံအတိုင်းပေါ့။

ဒီလိုနဲ့ ၄ ရက်လောက်ရှိလာတဲ့အခါ ကိုယ်က အီစီကလီ စလုပ်တော့မယ်ဆိုပြီး -

“ညီမလေးက ဘယ်ကလဲ၊ မဲဆောက်ကပဲလား”လို့ စာရိုက်မေးလိုက်တဲ့အခါ ပြန်ရိုက်လာတဲ့စာက -

“ဒကာကြီး ထက်ရာဇာ၊ ဦးပဉ္ဇင်း ဦး---- ပါ၊ ------ အဖွဲ့ကြီးကလေ၊ မှတ်မိရဲ့မဟုတ်လား”လို့ ပြန်ရိုက်လာတဲ့ စာကိုတွေ့ရတဲ့ အခါ -

“မှားပါတယ် ဦးပဉ္ဇင်း ရယ်”လို့သာ အသံမထွက်ဘဲ ပြောလိုက်မိပါတော့တယ်။

အားလုံးလွတ်ကုန်ပြီ

အင်းစိန် သီးသန့်ထောင်မှာနေတုန်းက အဖြစ်အပျက်တခုပါ၊ အဲဒီမှာ အကျဉ်းဦးစီးဌာန ၀န်ထမ်း တယောက် က ကျနော်တို့ ၁ တိုက်မှာ တာဝန်လာကျပါတယ်၊ ရောက်စဆိုတော့ တယောက်နဲ့ တယောက် စိမ်းနေကြတာပေါ့။

၂ ရက် ၃ ရက်လောက်နေတော့၊ ကျနော့်အခန်းရှေ့ကိုလာပြီး အဲဒီဝန်ထမ်းက စကားလာပြောတယ်။

hartha_20.03.10
အဲဒီတော့ ကျနော်က နာမည်ဘယ်လိုခေါ်သလဲဆိုတော့“လေလွင့်”တဲ့။ ကျနော်က မဟုတ်ဘူး၊ နာမည်အရင်း ကိုမေးတာ ဆိုတော့ အမေပေးကတည်းက လေလွင့်ပဲတဲ့။ မှတ်ပုံတင်ထုတ်ပြတယ်။ မောင်လေလွင့်။ ၀န်ထမ်း ကတ်ထုတ်ပြတယ်။ တပ်သားလေလွင့်။

မြတ်စွာဘုရား ဘယ်လိုမိဘတွေကပဲ ပေးထားတဲ့နာမည်လည်းမသိ။

လေလွင့်ဟာ လေလွင့်ဆိုတဲ့နာမည်နဲ့တော့ တော်တော်လိုက်တယ်။ အဆောင်တဆောင်မှာ ၁၅ ရက်ထက် ပိုပြီး တာဝန် မထမ်းဆောင်ရဘူး။ ပြဿနာတခုခုတက်ပြီး အဆောင်ပြောင်းအပြစ်ပေး ခံရတာပဲ။

ဘာပြဿနာရှာသလဲ မမေးနဲ့ မနက်မိုးလင်းကနေ မိုးချုပ်အထိ တချိန်လုံးမူးနေတယ်။ သူမူးလာရင် အမြဲတမ်းဆို နေကျ သီချင်း တပုဒ်ရှိတယ်။ “ကျောက်တူးသမား” သီချင်းကို ဖျက်ဆိုထားတဲ့ သီချင်း။

“ဟိုတိုက်မရရင် ဒီတိုက်...၊ ဟိုအခန်းမရ ရင် ဒီအခန်း...၊ အခန်းပေါင်း တထောင် စုံအောင်တောင်းမယ့် ၀န်ထမ်းလေးတွေပါ...”

အကျဉ်းဦ်းစီးဝန်ထမ်းတွေဟာ ကျနော်တို့ထောင်ကျတွေဆီက ထမင်းစားဖို့ ငါးပိကြော်၊ ငါးခြောက်ကြော် အဲဒါမျိုး တွေ လိုက်တောင်းတာကို အဓိပ္ပာယ်ရတဲ့ အဲဒီသီချင်းကို အမြဲတမ်း ဆိုနေတတ်တယ်။

ဆိုတာကလည်း တိုးတိုးလေးမဟုတ်ဘူး။ တတိုက်လုံးကြားအောင် အော်ဆိုနေတာ။ တရက် သူ ညပိုင်း ဂျုတီ ကျ လို့ ညနေ ၆ နာရီလောက် ထောင်ထဲကို ၀င်လာတယ်။ အဲဒီနေ့က သူတော်တော် မူးလာတယ်။ ထုံးစံအတိုင်း သူ ဆိုနေကျ သီချင်းနဲ့ပဲ၊ ၀င်လာပြီး ကျနော့်အခန်းဆီကို တန်းလာတယ်။ ကျနော့်ကိုတော့ သူတော်တော်ခင်တယ်။

အခန်းရှေ့ရောက်တော့ သူ့အိတ်ကပ်ထဲက လန်ဒန် ဆေးလိပ်၂ လိပ်ထုတ်ပေးတယ်။ ပြီးတော့ ဘာပြောသလဲ ဆိုတော့ “ငါးသလောက် ဟင်းလေး ဘာလေး မစားချင်ဘူးလား” တဲ့။

ကျနော်ကလည်း“ဘယ်လိုပြောလိုက်တာလဲ ကိုလေလွင့်ရယ်၊ ထောင်ထဲမှာ ၃နှစ်ကျော်နေပြီ စားချင်တာပေါ့ဗျာ” လို့ ပြောလိုက်တယ်ဆိုရင်ပဲ၊ သူ့ရဲ့ညာဘက်ဘောင်းဘီအိတ်ထဲကို လက်နှိုက်ပြီး ဆွဲထုတ်လိုက်တဲ့အခါ တတောင် လောက်ရှိတဲ့ ငါးသလောက်ကြီးတကောင်။

“အဲဒါကို ဟင်းချက်လိုက် ထောင်မှူးမိရင် ကျနော်ချက်ခိုင်းတာလို့ပြော”ဆိုပြီး သူ ထွက်သွားတယ်။

ထောင်ထဲမှာက မီးမွှေးခွင့်မရှိဘူး။ မီးမွှေးတာမိရင် ဒေါက်ခြေချင်းခတ် ပြစ်ဒါဏ်ပဲ။ အဲဒါကြောင့် လေလွင့်က သူချက်ခိုင်းတာလို့ ပြောခိုင်းတာ။ အဲဒီလို လေလွင့်။

ဒီလိုနဲ့ ည ၈ နာရီလောက် သူပြန်ရောက်လာတော့၊ သူတော်တော်မူးနေပြီ။ ခြေလှမ်းတောင် သိပ်မမှန်တော့ဘူး။

“ကျနော် ထမင်းမစားနိုင်တော့ဘူး။ အရမ်းမူးနေပြီ”ဆိုပြီး ကျနော့်အခန်းရှေ့မှာတင် သူထိုင်ရက်ကြီး အိပ်ပျော် သွားတယ်။

ဒီလိုနဲ့ ည ၁ နာရီလောက် ရှိမယ်ထင်တယ်။ ကျနော်တို့ ရှေ့၂ တိုက်ကို အော်မေးသံကြားရတယ်။

“၂ တိုက်ဝန်ထမ်း သတင်းပို့”

“၂ တိုက် အကျဉ်းသားဦးရေ ၆၀ အားလုံးကောင်းပါတယ် ထောင်ပိုင်ကြီး”

ကျနော်လည်း ခေါင်းကြီးသွားတယ်။ ထောင်ပိုင်ကြီးကိုယ်တိုင် ရှောင်တခင် ၀င်စစ်နေတာ။ ထောင်မှာက သတင်း ပို့ ဆိုရင် တာဝန်ကျတဲ့ဝန်ထမ်းက “အားလုံးကောင်းပါတယ် ထောင်ပိုင်ကြီး” ဆိုပြီး ပြန်အော်ရတယ်။

အဲဒါနဲ့ “ကိုလေလွင့် ကိုလေလွင့် ထ ထ ထောင်ပိုင်ကြီးကိုယ်တိုင် ၀င်စစ်နေတယ်”လို့နှိုးပေမယ့် လေလွင့်ကတော့ တအီအီလုပ်နေတုန်းပဲ။

ကျနော်ကလည်း သူ့ကျောကို အတင်းတွန်းရင်း “ဟေ့လူ ထ ထ ပြဿနာတက် တော့မယ်”လို့ ပြောနေတုန်းမှာပဲ ထောင်ပိုင်ကြီးဆီက အသံထွက်လာတယ်။

“၁ တိုက်ဝန်ထမ်း သတင်းပို့”

တထောင်လုံးအပ်ကျသံတောင် မကြားရ ဘူး။ လေလွင့်ကလည်း မနိုးဘူး။

ထောင်ပိုင်ကြီးဆီက နောက်ထပ် အသံထွက်လာတယ်။

“ဟေ့ ၁ တိုက်က ခွေးမသားဝန်ထမ်း အိပ်နေသလား သတင်းပို့”လို့ အော်သံအပြီးမှာတော့။

လေလွင့်လည်း ရုတ်တရက် နိုးလာပြီး အလန့်တကြားနဲ့ -

“ ၁ တိုက် အကျဉ်းသားဦးရေ ၇၅ ယောက်၊ အားလုံးလွတ်ကုန်ပြီ ထောင်ပိုင်ကြီး”လို့

အကျယ်ကြီး ထအော်လိုက်ပါတော့တယ်။  ။vote up





ထက်ရာဇာ


ကြုံတောင့်ကြုံခဲ ဘောလုံးပွဲ


“ဟာ … ဟေ့ကောင်ကြီး။ ဘယ်ကလှည့်လာတာလဲ။ မတွေ့တာကြာလှပြီ။ စင်္ကာပူမှာ ရေလျှံနေပြီ လား”
“ရေလျှံတယ်လဲ မဟုတ်ပါဘူးကွာ။ ညီမဆီပို့ရ အမေဆီပို့ရ
အမျိုးတွေပေးရနဲ့။ ဒီမှာကမှ မင်းတို့မြို့က နေပြည်တော် ဖြစ်ပြီး တောက်ပြောင်နေတာကိုး။ ရန်ကုန်မှာမလာတဲ့မီးက မင်းတို့ဆီလျှံနေတယ်ပေါ့”
“နေပြည်တော်ဆိုလို့ သတိရသွားတယ်။ အတော်ဘဲ။ မင်းရောက်တုံး ဖွီဖွမ်ဖလား မြန်မာ့ ဘောလုံးပွဲ ကြည့်သွားလိုက်။ ဒီနေ့ နိုဝင်ဘာ ၇ ရက်နေ့ကဖိုင်နယ်ပွဲကွ”
“ဘာတံုးကြ … ဖြီဖြမ္ဖလား ဆိုတာ”
“ေတာင္အာဖရိကမွာကန္တဲ့ ဖီဖာဖလားကို အတုယူထားတာကြ။ သိချင်ရင်သွားကြည့် ကွာ … လာသွားမယ်။ ပွဲစခါနီးပြီ”
ပျဉ်းမနားမြို့မှသူငယ်ချင်းအိမ်သို့ ရောက်သွားခိုက်တွင် ရင်းနှီးလှသော ငယ်သူငယ်ချင်း နှင့် ထိုကဲ့သို့ အဖွင့်စကားပြောပြီး သူနှင့်အတူ ဘောလုံးပွဲသို့ လိုက်သွားခဲ့သည်။
“ဟေ့ကောင် … မင်းဘောလုံးကွင်းကလဲ မြက်ခင်းကွင်းလဲ မဟုတ်ပါလား။ ကွန်ကရစ် အပြည့်ခင်းထားတာကြီး လဲပြုကုန်ရင် ဘယ်လိုလုပ်မလဲ။ လိုင်းဆွဲထားတာလဲမတွေ့… ဂိုးတိုင်လဲ မတွေ့ပါလား။ ဟိုဘေးက ဧရာမနတ်ရုပ်ကြီး ၃ ရုပ်ကကော ဘာလုပ်တာလဲ”
“မင်းမေးခွန်းတွေကလဲ များလိုက်တာ။ မွတ္ထား … ဖြီဖြမ္ဖလားပြဲ ဆိုတာဒါဘဲ။ စကား များရင် ခွေးဆွဲသွားမယ်။ အေးအေးကြည့်။ ကျိုးပဲ့စေချင်လို့ ကွန်ကရစ်ကွင်းမှာ ကန်ခိုင်း တာပေါ့ဟ။ ဟိုဘေးကလဲ နတ်ရုပ်မဟုတ်ဘူး၊ ဘုတ်အုပ်ထဲက အနော်ရထာ ဘုရင့် နောင် အလောင်းဘုရားအရုပ်တွေ”
“အေးပါကွာ။ ဖိုင်နယ်ပွဲဆိုပြီး ကြည့်တဲ့လူလဲ မတွေ့ပါလား။ လုံခြုံရေးတွေဘဲတွေ့တယ်”
“အဲဒါ လုံခြုံရေးမဟုတ်ဘူးကွ။ ပွဲကြည့်ပရိသတ်တွေ”
“ဒါဆို စစ်တပ်ဖလားပွဲပေါ့”
“အဲသလိုလဲ အတိအကျပြောလို့မရဘူး။ ကန်တဲ့အခါ တွေ့လိမ့်မယ်ကွာ။ နိုင်ငံခြားကလာ တဲ့ လူကို ရှင်းပြရတာ အာပေါက်တယ်”
မကြာမီ ပြိုင်ပွဲဝင် ဘောလုံးအသင်း ၂ သင်း ကွန်ကရစ်ကွင်းကြီးထဲဝင်လာသည်။
“ဟ ဟ ဟေ့ကောင် … ဟို အစိမ်းတပိုင်း အဖြူတပိုင်းဝတ်ထားတဲ့အသင်းက အားလုံး နေကာမျက်မှန်တွေ တပ်ထားပါလား။ လမ်းလျှောက်လာတဲ့ပုံကလဲ စမ်းတဝါးဝါး ဟိုတိုက်ဒီတိုက်နဲ့”
“အဲဒါက မျက်မမြင်ဘောလုံးအသင်း၊ တယောက်မှ အကောင်းမပါဘူး”
“အော် … ဒါကြောင့် သူတို့ကို သနားပြီး ဟိုလုံခြုံရေးတွေ အဲ ဟုတ်ပေါင် ပရိသတ်တွေက တအား အားပေးကြတာကိုး”
“သနားလို့အားပေးတာ မဟုတ်ဘူးကွ။ သူတို့ညီအစ်ကိုတွေ ဆွေမျိုးအရင်းကြီးတွေမို့လို့ အားပေးတာ”
“ထားပါတော့ကွာ။ နောက်တသင်းက ပိုတောင်ဆိုးနေပါလား။ အသင်းအင်္ကျီကလဲ ရောင်စုံ နဲ့၊ အစုတ်အပြဲတွေရော၊ အင်္ကျီဗလာရော။ ကတဲ့လူက က၊ သီချင်းအော်ဆိုတဲ့ လူက အော်၊ နောက်ပြန်လျှောက်တဲ့လူက လျှောက်၊ ဂျွမ်းလှိမ့် ထိုးလာတဲ့ လူရော၊ အ မယ် ကင်းမြီးကောက်ထောင်လာတဲ့ကောင်လဲရှိသေး၊ ဖိနပ်ကို တဖက်ထဲစီးတဲ့လူလဲ မနဲ ပါလား။ အင်း … မျက်စိတော့ မြင်ပုံရတယ်”
“အဲဒါက အရူးအသင်းကွ။ အားလုံးစိတ်ရောဂါကုဆေးရုံက စပယ်ရှယ်ရွေးလာတာ”
“ဗုဒ္ဓော။ အရူးမ ၃ ယောက်လဲ ပါသေးတယ်နော်။ ခေါင်းမှာလဲ ပန်းတွေဝေလို့၊ သနပ်ခါး ဘဲကျားနဲ့၊ ဝတ်ထားတာလဲ ကို့ရိုးကားယား၊ ဟိုကပေါက် ဒီကပေါ်”
“ဟိုမှာကြည့်။ ဒိုင်လူကြီးတွေ လိုင်းစမင်းတွေ တွေ့လား”
“အင်း။ ဒိုင်လူကြီးတွေက ခါးမှာ ပစ္စတိုနဲ့ပါလား။ လက်ထဲမလဲ နံပတ်ဒုတ်နဲ့။ ဝတ်စုံက ဟိုလုံခြုံရေးတွေ ဝတ်ထားတဲ့ ဝတ်စုံအတိုင်းဘဲ။ ဒါမျိုးတခါမှ မတွေ့ဖူးပါဘူး”
“အော် … ဖွီဖွမ်ဖလားပါဆိုမှ၊ ငါ့ကောင်ကလဲ တယ်ဒုံးဝေးသကိုး။ ဒီမှာမှတ်ထား၊ နံပတ် ဒုတ်က အဝါကဒ်၊ ပစ္စတိုက အနီကဒ်”
“အေးကွာ … ပြောလဲခံရမှာဘဲ။ ငါတို့ စင်္ကာပူ မလေးရှားမှာ ဒီလိုမတွေ့ဖူးလို့”
မကြာမီ ဘောလုံးပွဲစတင်ရန် နှစ်ဖက်အသင်းများ နေရာယူကြသည်။
“ဟ ဟ ဟေ့ကောင် … ဟိုမှာ ဒိုင်လူကြီးက အရူးအသင်းကလူတွေကို နံပတ်ဒုတ်နဲ့ ရိုက် နေပြီ၊ ဘောလုံးတောင် စမကန်သေးဘူး”
“အေးလကွာ … အရူးအသင်းက စည်းကမ်းဖောက်တာကိုး၊ နေရာလဲ ကောင်းကောင်းမ ယူဘဲ ကွင်းထဲ အရူးထနေ တော့ တီးခံရတာပေါ့”
မှန်သည်။ အရူးများက ဖရိုဖရဲ တယောက်တပေါက် ပုံပျက်ပန်းပျက်ဖြစ်နေရုံမက အသင်း မန်နေဂျာ မစ္စတာအီးဂြက်နှင့် လက်ထောက်များဖြစ်သော မစ္စတာဟေး အင်းလေးကန် ဘေး၊ မစ္စတာဗာဟူး၊ မစ္စတာဆူးနမ်း၊ မစ္စတာညှော်ပြင်း တို့မှာလည်း ကွန်ကရစ်ကွင်းကြီး ကို ပတ်ပြေးနေကြပြီး “ငါတို့နော်နော်၊ ငါတို့နောင်နောင်၊ ငါတို့လောင်းလောင်း” ဟုအော် ၍ အရုပ်ကြီး ၃ ရုပ်ပေါ်ဖက်တက်သဖြင့် ဒိုင်လူကြီးနှင့် လိုင်းစမင်းများက နံပတ်ဒုတ်နှင့် လိုက်ရိုက်နေသည်ကို တွေ့ရသည်။
များမကြာမီ သေနတ်သံတချက်ကြားသဖြင့် “ပွဲတောင်မစသေးဘူး။ အနီကဒ်ပြပြီထင် တယ်” ဟုကျနော်က ပြောလိုက်ရာ သူငယ်ချင်းက “အဲဒါ ဘောလုံးစကန်ဖို့ အချက်ပေး တာကွ။ ဒီပွဲမှာ ခရာမသုံးဘူး” ဟု ပြန်ပြောသည်။
“သူငယ်ချင်း … ကွင်းဘေးက နိုင်ငံခြားသားပုံစံ အသားဖြူဖြူ နှာခေါင်းရှည်ရှည်နဲ့ ပုံမကျ ပန်းမကျလူတွေကဘာလဲ။ ဘာတွေလျှောက်အော်နေမှန်းလဲ မသိဘူး”
“အော် … အဲဒါ ဒီဘောလုံးပွဲကြီး သန့်သန့်ရှင်းရှင်း အားကစားစိတ်ဓာတ်နဲ့ ကစားဖို့ဆိုပြီး လာစောင့်ကြည့်တဲ့ နိုင်ငံခြား ကအရူးတွေလေ”
အရူးများကား ဘောလုံးကိုခြေဦးတည့်ရာ ကန်ချင်ရာကန်နေသလို ပြေးချင်သလိုပြေး ဆော့ချင်သလိုဆော့နေကြ သော်လည်း မျက်မမြင်များကား ကွင်းဘေးမှ အမိန့်ပေးနေ သည့် ဖားပြုပ်ပုံမန်နေဂျာ မစ္စတာကျောက်ဆည်နှင့် လက်ထောက် မစ္စစ်ဆင်နူမရှင် တို့ အသံကို အာရုံစိုက်လှုပ်ရှားနေကြသည်။ ဘောလုံးနှင့် ဂိုးတိုင် (တကယ်က ဂိုးတိုင်မရှိပါ၊ တဖက်စည်းကို ကျော်သွားလျှင် ဂိုးဟုသတ်မှတ်သည်) ကိုလည်းကောင်း၊ တဖက်အ သင်း လူများကိုလည်းကောင်း၊ မိမိအသင်းသားများကိုလည်းကောင်း မမြင်ကြသော် လည်း မန်နေဂျာဖားပြုပ်ကြီး ညွှန်ကြားသည့်အတိုင်း ပြေးလွှား ကန်ဆောင့် ထိုးကြိတ်နေ ကြသည်။
အရူးအသင်းသားများကတော့ တခါတရံ ကိုယ့်ကို ဆောင့်ကန်သည့် ခြေထောက်ကို ဖမ်း ကိုင်ပြီး နမ်းလိုနမ်း လျှာနှင့် ယက်လိုယက် လုပ်ကြတာလည်း ရှိသည်။ ကိုယ့်ဂိုး ကိုယ် ပြန်သွင်းတာကလည်း အလုံး ၅၀ မကတော့။ ကိုယ့်ဘက် သားအချင်းချင်းလဲ သဲကြီးမဲ ကြီးဘောလုံးလုကြသည်။ ကွင်းအပြင်ထွက်ပြီး ဘောလုံးပွဲစပွန်ဆာ ‘သေဗမာ’ ဦးအင်ငွေ ချထားပေးသည့် ပေါက်စီများ၊ မာမားခေါက်ဆွဲထုပ်များကို အငမ်းမရ လုယက်စား သောက်နေကြတာလည်း ရှိသည်။ ကွင်းထဲလှဲအိပ်နေသူများကလည်း တယောက်မ ဟုတ်တယောက် အချိန်မရွေးရှိနေသည်။ အရူးအသင်းသား အချင်းချင်း ထိုးကြိတ် ကုန်း ကိုက်နေတာလည်း တွေ့ရသည်။
ဒိုင်လူကြီးများကလည်း တာဝန်ကျေကြသည်။ အဝါကဒ်မိသောအရူးများ ခေါင်းကွဲ၍ ထွက်သည့်သွေး၊ မျက်မမြင် အသင်းက လူချ၍ အရူးများဒဏ်ရာရပြီးထွက်သည့်သွေး၊ နှစ်ဖက်စလုံးမှ ကွန်ကရစ်ကြမ်းပြင်ပေါ်လဲကျ ထိခိုက်မိ၍ ထွက်သည့်သွေးများက ကွင်း ပေါ်တွင် အိုင်ထွန်းနေသည်။ အနီကဒ်ထိပြီး ဒိုင်လူကြီးက သေနတ်နှင့်ပစ်၍ ကွင်းထဲမှာ လဲကျသေဆုံးနေသော အရူးအလောင်းများကလည်း တဖြည်းဖြည်းများလာသည်။ (မျက် မမြင်အသင်းမှာမူ အဝါကဒ် အနီကဒ် တခုမှမထိ) သို့ရာတွင် အရူးများကား ဘောလုံး ကွင်းကြီးထဲ၌ အကမပျက် အဆိုမပျက် ပျော်ရွှင်မြူးတူး ခုန်ပေါက်လျက်။
ချုပ်လိုက်လျှင် မျက်မမြင်အသင်းက အရူးအသင်းကို ၉၉ ဂိုး ၁ ဂိုးနှင့်နိုင်သွားပြီး ၂၀၁၀ ဖွီဖွမ်မြန်မာ့ဖလားကို ဆွတ်ခူး ရရှိသွားပါသည်။ ပွဲပြီးမှ ဗွီဒီယိုမှတ်တမ်းဖြင့် ဂိုးဝင်မှုများကို ပြန်စစ်ဆေးရာ အရူးအသင်းမှ တိုက်စစ်မှူးဆိုသူ ‘တို့စိတ်ညစ်’ သွင်းသည့် ဂိုးကိုပယ်ဖျက် လိုက်သဖြင့် မျက်မမြင်အသင်းက ၁၀၀ ဂိုး အရူးအသင်းက ၀ ဂိုးဖြစ်သွား ပါသည်။
ဘောလုံးပွဲလာစောင့်ကြည့်သည့် သိုဆောင်းလူမျိုးအရူးများကား ပါးစပ်မှ အမြုပ်တစီစီ ထွက်အောင် တွန့်လိမ်ကော့ပျံ ထွန့်ထွန့်လူးအော်ရင်း မျက်မမြင်အသင်းသားများနှင့် ဒိုင် လူကြီးတို့က ရွာသာကြီးဘတ်စ်ကားပေါ် ရိုက်နှက်ဆွဲခေါ် သွားသည့်နောက်ကို ရုန်းရင်း ကန်ရင်း တရွတ်တိုက်ပါသွားသည်ကို နောက်ဆုံးတွေ့လိုက်ရသည်။
သွတ် … သွတ် … သွတ်။
မောင်ဂျာမဏီ

No comments:

Post a Comment