Friday, April 19, 2013

"ပျူစောထီးရဲ့ မတူညီတဲ့ သမိုင်း နှစ်ခု"




Lu Ciferက ဆရာမောင်ဝံသရေးတဲ့ ပျူစောထီး
(၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ထုတ် Popular News ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာ မောင်ဝံသ ရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ပါတီစုံ နိုင်ငံရေး စနစ်မှာ ပါတီတွေက ကိုယ်ပိုင် လက်နက်ကိုင် တပ်ဖွဲ့တွေ ဖွဲ့ထားတဲ့အခါ ဖြစ်လေ့ရှိတဲ့ ဆိုးကျိုးများကို ရေးသားထားတာ ဖြစ်ပါတယ်။ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဟာ ပါတီလည်းထောင်၊ လက်နက်လည်း ကိုင်မယ်လို့ ပြောနေတဲ့ အယူအဆနဲ့ ပတ်သက်ပြီး ဒါဟာ ဒီမိုကရေစီ အတွက် အကျိုး ရှိ၊မရှိ စဉ်းစားနိုင်ဖို့ ဖြစ်ပါတယ်။ )

ခုတလော နိုင်ငံခြား သတင်းတွေ ဖတ်ခဲ့ရတဲ့ အထဲမှာ ဖိလစ်ပိုင်က နိုင်ငံရေး လူသတ်မှုကြီး အကြောင်းကို ဖတ်ပြီး ဘုရား တမိတဲ့ အထိ တုန်လှုပ် နေတယ်ဗျ။ ဖိလစ်ပိုင်မှာ နိုဝင်ဘာ ၂၃ ရက်က ပြည်နယ် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ် လောင်းရဲ့ မိသားစုနဲ့ သတင်းထောက်တွေ အပါအဝင် လူပေါင်း ၅၇ ယောက်ကို အာဏာ လက်ရှိ အုပ်စုတစ်ခုက ရက်ရက်စက်စက် သတ်ဖြတ်မှုဗျာ။ အရှေ့တောင် အာရှမှာ ဒီမိုကရေစီ အထွန်းကားဆုံး လို့ အဆိုရှိတဲ့ ပြည်သူ့အာဏာ နမူနာပြ နိုင်ငံမှာ ဒါမျိုးတွေ ရှိနေတယ် ဆိုတော့ တကယ်ပဲ တုန်လှုပ်မိပါတယ်။

နိုင်ငံရေးသမား အန္တရာယ် အလွန်များ

စိတ်မကောင်းခြင်း ကြီးစွာနဲ့ပဲ သတင်းတွေ ဆက်ဖတ်တော့မှ ဒီမိုကရေစီ နိုင်ငံ ဖြစ်ပေမယ့် ဖိလစ်ပိုင်ဟာ နိုင်ငံရေး လုပ်ဖို့ အင်မတန် အန္တရာယ် များတဲ့ နေရာပဲလို့ စီအင်အင် ရုပ်သံက ပြောသွားတာ တွေ့လိုက်ရ ပြန်တယ်။ ယခင် အာဏာရှင် မားကို့စ်ရဲ့ နိုင်ငံရေး ရန်သူ နီနွိုင် အာကွီနိုကို လေဆိပ်မှာ လုပ်ကြံခဲ့တာက စပြီး မားကို့စ် လင်မယား ထွက်ပြေးရတဲ့ အထိ ဖြစ်ခဲ့တာ၊ နောက်ပိုင်း မှာလည်း ကိုရာဇန် အာကွီနိုကိုပါ လုပ်ကြံဖို့ ကြိုးစားခဲ့ကြတာ အကြိမ်ကြိမ်၊ ရွေးကောက်ပွဲ တိုင်းမှာ သွေးချောင်းစီး လူသတ်ပွဲတွေ မစဲနိုင်အောင် ဖြစ်ခဲ့တာလည်း များပြီ။ ၂၀၀၄ ခုနှစ် ပြည်လုံးကျွတ် ရွေးကောက်ပွဲမှာ လူပေါင်း ၁၄၈ ယောက် အသတ်ခံရတဲ့ အကြောင်းလည်း တွေ့ရတယ်ဗျာ။

သူတို့ဆီမှာ political clans လို့ ခေါ်တဲ့ နိုင်ငံရေး မျိုးနွယ်စုတွေ ရှိတယ်။ သူတို့ အသီးသီးဆီမှာ ခါးပိုက်ဆောင် တပ်ဖွဲ့တွေ လက်ကိုင် ရှိတယ်။ တစ်ပြည်လုံးဆိုရင် လိုင်စင်မဲ့ လက်နက်ပေါင်း တစ်သန်းလောက်ဟာ ပျံ့နှံ့နေတယ်။ ဝေးလံခေါင်ဖျား ဒေသတွေမှာ တရားဥပဒေ စိုးမိုးရေး ဆိုတာ လက်လှမ်းကို မမီနိုင်ဘူး ဖြစ်နေတာ တဲ့ဗျ။

ရက်စက်မှု ကမ်းကုန်

အခု ဖြစ်ခဲ့တဲ့ နိုင်ငံရေး လူသတ်မှုကြီးဟာ တကယ်တော့ နိုင်ငံရေးနဲ့ မဆိုင်တဲ့ အရပ်သားတွေနဲ့ စာနယ်ဇင်း သမားတွေ အသတ် ခံရတာဗျာ။ ခရစ်ယာန်တွေရော၊ မူဆလင်တွေပါ ပါတယ်။ စာနယ်ဇင်း သမားက ၂၂ ယောက်တောင် ပါတယ်။ တစ်ချိန်တည်း၊ တစ်ပြိုင်တည်းမှာ စာနယ်ဇင်းသမား အများဆုံး အသတ်ခံရတဲ့ စံချိန် ပဲတဲ့။ ဒီလောက် ရက်စက်တဲ့ အစုလိုက် အပြုံလိုက် သတ်မှု အရင်က မရှိခဲ့ဘူး တဲ့ဗျ။

ဖိလစ်ပိုင် တောင်ပိုင်း မက်ဂူအင် ဒါနာအို ပြည်နယ် အုပ်ချုပ်ရေးမှူး နေရာအတွက် ၂၀၁၁ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် အတိုက်အခံ ကိုယ်စားလှယ်လောင်း အစ္စမေးလ် မန်ဂူဒါဒါတူ အဆိုပြုလွှာ တင်သွင်းဖို့ သူ့ဇနီးနဲ့ ဆွေမျိုး သားချင်းတွေ အပါအဝင် ၅၇ ဦး အဖွဲ့ သွားကြတာ။ လမ်းမှာ အခြားအုပ်စုက လူအင်အား ၁၀၀ လောက်က တိုက်ခိုက်တယ်။ လူတွေကို ကြိုးတုပ်ပြီး တောင်ကုန်းစောင်းလေး တစ်ခုကို ခေါ်သွားတယ်။ တချို့ကို သေနတ်နဲ့ ပစ်သတ်တယ်။ တချို့ကို ခေါင်းဖြတ် သတ်တယ်။ တချို့ကို ဘက်ဖိုး မြေတူးစက်ကြီး တွေနဲ့ အရှင်လတ်လတ် မြေမြှုပ် သတ်တယ်။ မိန်မ တွေကို မသတ်ခင် အဓမ္မ ကျင့်သေးသတဲ့။ ကြားရတာ နှလုံးနာစရာ ကောင်းလိုက်တာဗျာ။ လူစိတ် ပျောက်နေကြ သလား အောက်မေ့ ရတယ်ဗျ။

ရွေးကောက်ပွဲ မဝင်ရဲအောင် ခြောက်တာတဲ့

ခုလို ရက်ရက်စက်စက် သတ်တဲ့ ရည်ရွယ်ချက် ကတော့ ရွေးကောက်ပွဲမှာ အဲဒီ ကိုယ်စားလှယ်လောင်း မယှဉ်ပြိုင်ရဲအောင် ခြောက်လှန့်တာ တဲ့ဗျာ။ အဲဒီ ပြည်နယ်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်နေသူက သူ့ကို ရာရာစစ လာပြီး ယှဉ်ပြိုင်ရ ကောင်းလား ဆိုပြီး သတ်ဖြတ်တာလို့ ဆိုတယ်ဗျ။ အဲဒီ ပုဂ္ဂိုလ် ကိုယ်တိုင်က သူ့အန္တရာယ် သူကြောက်ပြီး လာအဖမ်းခံ တာကို ရုပ်သံ တွေမှာ ကြည့်လိုက်ရတယ်။ အင်မတန် လူမဆန်တဲ့ လူသတ်ပွဲ အကြောင်းကို စစ်တပ်က သိသွားတော့ သူ့ကို စစ်တပ်က လာသတ်တော့မယ်လို့ သတင်း ထွက်လာလို့ အဖမ်းခံ တာတဲ့ဗျာ။ အတိုက်အခံ ကိုယ်စားလှယ်လောင်း ကတော့ သူ့မိန်းမနဲ့ ဆွေမျိုးတွေ အသတ်ခံရ ပေမယ့် ရွေးကောက်ပွဲကို ဝင်ဖြစ်အောင် ဝင်မယ်ဆိုပြီး အဆိုပြုလွှာ ဆက်တင်တဲ့ သတင်းလည်း နောက်ဆက်တွဲ ဖတ်လိုက်ရတယ်။

သူရဲကောင်းကြီး ပျူစောထီး

ဖိလစ်ပိုင် လူသတ်ပွဲ သတင်းထဲက လူသတ်သမားတွေ အကြောင်း စဉ်းစားရာက ကျွန်တော်တို့ဆီမှာ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က ပေါ်ခဲ့ဖူးတဲ့ ပျူစောထီးတွေကို သတိရမိတယ်ဗျာ။ ကျွန်တော်တို့ ကောင်းကောင်း မှတ်မိတဲ့ ဆယ်ကျော်သက် အရွယ်မှာ တစ်တိုင်း တစ်ပြည်လုံး အော့ကြော လန်ခဲ့ရတဲ့ ကိုရွှေ ပျူစောထီးတွေ ပေါ်ခဲ့တာ ပဲဗျ။

ယနေ့ခေတ် လူငယ်တွေကို ပြန် ပြောပြဖို့ ကျွန်တော် လက်လှမ်းမီရာ စာချုပ်တချို့မှာ ပျူစောထီး အကြောင်း ပြန် ရှာကြည့် ပါတယ်။ ပျူစောထီး ဆိုတာက မြန်မာတို့ ဂုဏ်ယူရတဲ့ ပုဂံခေတ်က သူရဲကောင်း နာမည်ပါ။ ပုဂံ ပြည်သူတွေကို နှောင့်ယှက် ရန်မူနေတဲ့ ဝက်ကြီးတွေ၊ ကျားကြီးတွေ၊ ငှက်ကြီးတွေ၊ ရှူးပျံကြီးတွေကို ဖြိုဖျက် နှိမ်နင်းခဲ့သူ ဖြစ်တယ်။ ပျူစောထီးဟာ ပြည်သူတွေကို ဘေးရန်အပေါင်းက ကယ်တင်ခဲ့သူ အဖြစ် နှစ်ပေါင်း တစ်ထောင်ကျော် နာမည်ကောင်းခဲ့ ရာက မြန်မာ့ လွတ်လပ်ရေး ရပြီး ဆယ်နှစ်မျှ မကြာခင် ပြည်သူတွေရဲ့ အော့ကြောလန် အဖြစ် နာမည် အပျက်ကြီး ပျက်ခဲ့ရပါပေါ့ လားဗျာ။

ပျူစောထီး တပ်ဖွဲ့ကို ၁၉၅၅ ခု အောက်တိုဘာလမှာ ဝန်ကြီးချုပ် ဦးနု ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်တဲ့ အမျိုးသား ကာကွယ် ရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်တယ်။ အဓိက ရည်ရွယ်ချက် ကတော့ သောင်းကျန်းမှု နှိမ်နင်းရေးမှာ အစိုးရ စစ်တပ်ကို အကူအညီ ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူများကို နှိပ်စက်ခဲ့

မြန်မာ့သမိုင်း ဖြစ်ရပ် အမှန်များ ရေးသား ပြုစုရေး အဖွဲ့က ထုတ်ဝေတဲ့ မြန်မာ့ နိုင်ငံရေး ဒုတိယတွဲမှာ အောက်ပါ အတိုင်း ဖော်ပြ ထားတယ်ဗျ။

“အစိုးရက ပျူစောထီး တပ်များကို ဖွဲ့စည်းတော့မည်ဟု ကြေညာစဉ်ကပင် အတိုက်အခံ ပါတီ အဖွဲ့အစည်း များက အပြင်းအထန် ကန့်ကွက် ခဲ့ကြသည်။ ပျူစောထီး တပ်များသည် ပြည်သူများကို ကာကွယ် စောင့်ရှောက်မည့် အစား အချို့သော တပ်များသည် လက်နက်အားကိုးဖြင့် ပြည်သူများကို ညှဉ်းပန်းနှိပ်စက် လာကြသည်။ တစ်စ တစ်စဖြင့် မိမိတို့အား ဖွဲ့စည်းပေးခဲ့သော ပါတီအုပ်စုများ၏ ခါးပိုက်ဆောင် တပ်များသဖွယ် ပြုကျင့်လာကြသည်။ ၁၉၅၆ ခုနှစ်တွင် ကျင်းပသော ရွေးကောက်ပွဲ မတိုင်မီကပင် ပျူစောထီး များ၏ ရမ်းကားမှုများ ပေါ်လာသည်။ သာဓက အဖြစ် သာယာဝတီ ခရိုင် မင်းလှ ရွေးကောက်ပွဲ လေးလောင်းပြိုင် သတ်မှု၊ ၁၉၅၇ ခု မေလ ၂ ရက်နေ့ မြိတ်ခရိုင် ဆီတောင်အိုင်ရွာ လူသတ်မှုများ ပေါ်လာခဲ့သည်။ ထို့ကြောင့် ပျူစောထီး တပ်များ ဖွဲ့စည်းနေခြင်းကို ရုပ်သိမ်းပေးရန်၊ ပျူစောထီး တပ်များ ကျူးလွန်ခဲ့သော ရက်စက်မှုကြီးများကို ထိရောက်စွာ အရေးယူနိုင်ရန်၊ ပြည်သူ့ ကော်မရှင် တစ်ရပ် ဖွဲ့စည်းစုံစမ်း အရေး ယူရန် အတိုက်အခံ ပမညတ အဖွဲ့က တောင်းဆိုခဲ့သည်။

ဖဆပလ နှစ်ခြမ်း ကွဲပြီးချိန်တွင် ပျူစောထီး များသည် ပြည်သူလူထုအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ ကျေးရွာ များတွင် ရွာလုံးကျွတ် ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း စသည့် ပြစ်မှုများ အပြင် နိုင်ငံရေး စွက်ဖက်မှုများ ကိုပါ ကျူးလွန် လာကြသည်” (မြန်မာ့ နိုင်ငံရေး၊ ဒုတွဲ စာ ၇၈-၇၉)

အနိုင်ကျင့်ချင်လို့ ဝင်ခဲ့ကြတာ

ပျူစောထီး တပ်ဖွဲ့တွေကို ဖဆပလ နှစ်ခြမ်း မကွဲခင် ၁၉၅၅ ခုနှစ်က ဖွဲ့စည်းခဲ့တယ်။ နယ် အသီးသီးမှာ ဖဆပလ ဒေသ ခေါင်းဆောင်တွေနဲ့ စစ်တပ်က ကြီးမှူး ဖွဲ့စည်းပေးတယ်။ စစ်တပ်ကို အထောက်အကူ ပြုတဲ့ အရန် လက်နက်ကိုင် တပ် ဖြစ်တဲ့အတွက် လက်နက်ပါရင် အားလုံးကို ကြောက်နေရတဲ့ ပြည်သူတွေကို အနိုင်ကျင့် ချင်တဲ့ လူအများစုက ပျူစောထီးထဲ ဝင်ကြတယ်။ ဖဆပလ မကွဲခင်ကကိုပဲ ပျူစောထီးတွေ နာမည်ပျက်နေပြီ၊ ဖဆပလ ကွဲတော့ ပျူစောထီး အများစုဟာ တည်မြဲဖဆပလ တွေရဲ့ ခါးပိုက်ဆောင် တပ်ဖွဲ့ ဖြစ်သွားတယ်။

၁၉၅၈ ခု သြဂုတ် ၃၁ က စတင် ကျင်းပတဲ့ သန့်ရှင်း ဖဆပလ အဖွဲ့ရဲ့ ပြည်လုံးကျွတ် ဆွေးနွေးပွဲကြီးမှာ တည်မြဲ အုပ်စုဟာ ပျူစောထီး အားကိုးနဲ့ အတင်းအကျပ် စည်းရုံးရေး လုပ်နေပုံ၊ အုပ်ချုပ်ရေး ဘက်က အရာရှိတွေ ကလည်း တည်မြဲဘက်က စည်းရုံးပေးနေပုံ၊ ပျူစောထီးတွေက သန့်ရှင်း ဖဆပလ တရားပွဲတွေကို မတက်ဖို့ ပြည်သူများကို တားမြစ်နေပုံ၊ တည်မြဲ ဖဆပလ တရားပွဲများ ကိုတော့ တစ်အိမ်တစ်ယောက် တက်ရမယ်လို့ ခြိမ်းခြောက် စည်းရုံးနေပုံ၊ သန့်ရှင်း ဖဆပလ အဖွဲ့ဝင်များကို ပျူစောထီးက နေ့ခင်းကြောင်တောင် သေနတ်နဲ့ လိုက်ပစ်သည် အထိ သောင်းကျန်းနေပုံ စတာတွေကို ရင်ဖွင့်တင်ပြ သွားကြတယ်။ (ယင်း စာ ၈၄)

ဇာတ်သိမ်းကောင်းမှာ မဟုတ်ပါ

အချုပ်အားဖြင့် ပြောရရင်တော့ ဖိလစ်ပိုင်မှာ အခု ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး လူသတ်ပွဲတို့၊ လက်နက်အားကိုး အနိုင်ကျင့်တာ တို့ကို ကျွန်တော်တို့ ဆီမှာ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော် ကတည်းက ကြုံဖူးခဲ့ပြီလို့ ပြောချင်တာပါ။ နိုင်ငံရေး အောင်ပွဲရဖို့ အတွက် ပြည်သူလူထုရဲ့ ထောက်ခံမှုကို စည်းရုံးရေး နည်းနဲ့ မရယူဘဲ လူမိုက်မွေး ခြိမ်းခြောက်တဲ့ နည်းနဲ့ ရယူမယ် ဆိုရင် အဆုံး တစ်နေ့မှာ ပျူစောထီး တွေလိုပဲ ဇာတ်သိမ်း ကောင်းမှာ မဟုတ်ဘူး ဆိုတာ နိုင်ငံရေး လုပ်မည့်သူများ သင်ခန်းစာ ယူနိုင် ကြပါစေဗျာ။

မောင်ဝံသ
December 22, 2010

No comments:

Post a Comment