Friday, April 19, 2013

လူ့ခန္ဓာကိုယ်၏ သဘာဝကုသနည်းများ

လူ့ခန္ဓာကိုယ်ကနေ အလွယ်တကူ ကုသနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆေးထိုးအပ်ကြောင့် မနာကျင်အောင်လုပ်နည်း

တချို့လူတွေ အထူးသဖြင့် ကလေးငယ်တွေဟာ ဆေးထိုးတဲ့အခါ ဆေးထိုးအပ်ရဲ့ စူးရှနာကျင်မှုကြောင့် စိတ်မသက်မသာ ဖြစ်ရတတ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် ဆေးထိုးခါနီး စက္ကန့်အနည်းငယ်အလိုမှာ လက်မနဲ့ လက်ညှိုးကိုသုံးပြီး ဆေးထိုးမယ့်အရေပြားပေါ် စက်ဝိုင်းပုံသဏ္ဌာန်ဝိုင်းကာ ဖိနှိပ်လိုက်ပါ။

ဒီလို ဖိအားပေးလိုက်တဲ့အခါ အရေပြားက နာကျင်မှုဖြစ်စေတဲ့ receptors တွေကို ဖယ်ရှားလိုက်သလို ဖြစ်သွားပါတယ်။ ဒါဟာ အာရုံကြောကို ရှုပ်ထွေးသွားစေတဲ့အတွက် ဆေးထိုးတဲ့အခါ စူးစူးရှရှ နာကျင်မှုမခံစားရတော့ဘဲ ပုတ်လိုက်သလိုပဲ ခံစားရတတ်ပါတယ်။

(၂) ကြို့ထိုးရပ်အောင် လုပ်နည်း

ကြို့ထိုးနေရင် အသက်ဝဝရှူပြီး ၁၀စက္ကန့်ထိန်းထားပါ။ အသက်ရှူထုတ်ခြင်း မလုပ်ဘဲ လေကိုထပ်ရှူပြီး ငါးစက္ကန့်ထိန်း ထားပါ။ ပြီးရင် အသက်ရှူမထုတ်သေးဘဲ လေကိုရှူနိုင်သလောက် ထပ်ရှူလိုက်ပါ။ ငါးစက္ကန့်လောက်ကြာမှ ရှူထုတ်ကာ ပုံမှန်အတိုင်း အသက်ရှူသွင်း၊ ရှူထုတ်လုပ်ပါ။ ဒီနည်းလမ်းက ရင်ဝမ်းခြားကြွက်သားတွေကို မလှုပ်ရှားနိုင်အောင်လုပ်ကာ ကြို့ထိုးရပ်အောင် တားလိုက်တာပါ။ နယူးယောက် တက္ကသိုလ်က လေ့လာသူတွေက မကြာခဏကြို့ထိုးတတ်တဲ့ လူနာ ၃၀ ကို ဒီနည်းလမ်းနဲ့ စမ်းသပ်ခဲ့ရာ ချက်ချင်း ကြို့ထိုးရပ်သွားကြောင်း တွေ့ရှိခဲ့ပါတယ်။

(၃) မူးမေ့လဲမကျအောင် လုပ်နည်း

သွေးဖိအားကျပြီး သွေးတွေဟာ ခြေဖျား၊ လက်ဖျားမှာ စုပုံနေတဲ့အခါ မူးမေ့လဲကျချင်သလို ခံစားရတတ်ပါတယ်။ အဲဒီအခါ ခြေထောက်နှစ်ချောင်းကို ယှက်ပြီး ပေါင်သားတွေကို ဖျစ်ညှစ်ကာ ဝမ်းဗိုက်ရှပ်ထားပါ။ ကြွက်သားတွေ တင်းမာလာတဲ့အခါ သွေးဖိအားတက်ပြီး နှလုံးနဲ့ ဦးနှောက်ဆီ သွေးရောက် ရှိစေပါတယ်။ အမ်စတာဒမ် တက္ကသိုလ်လေ့လာသူတွေက ကြွက်သားတင်းစေတဲ့ ဒီလေ့ကျင့်ခန်းဟာ သတိလစ်မူးမေ့မယ့် အန္တရာယ်ကို ၃၀ ရာခိုင်နှုန်း လျော့ကျစေကြောင်း ဖော်ပြခဲ့ပါတယ်။

(၄) ညဘက် ရင်ပူသက်သာအောင်လုပ်နည်း

ညဘက် ရင်ပူနေရင် ခန္ဓာကိုယ်ကို ဘယ်ဘက်ကို စောင်းပြီးအိပ်ပါ။ ဒါဟာ အစာရေမျိုပြွန်ရဲ့ သဘာဝပုံသဏ္ဍာန်ကို ထိန်းထားပေးတာဖြစ်တဲ့အတွက် အက်စစ်တွေ အထက်ကို ဆန်မတက်တော့ပါဘူး။ ညာဘက်စောင်း အိပ်တာနဲ့ ပက်လက်လှန်အိပ်တာတွေ ပြုလုပ်သူတွေက ရင်ပူခြင်း အဖြစ်များပါတယ်။

(၅) ကျလုဆဲဆဲမျက်ရည်ကို မကျအောင်ထိန်းနည်း

မသင့်တော်တဲ့ အခြေအနေတွေမှာ မျက်ရည်ရစ်ဝဲပြီး ကျလုဆဲဆဲဖြစ်နေရင် လည်ချောင်း တစ်ချက်ရှင်း လိုက်ပါ။ ဒါဟာ ငိုခြင်းကိုထိန်းချုပ်ထားတဲ့ နှာခေါင်းနဲ့ အသံအိုးက လုပ်ငန်းစဉ်ကို နှောင့်ယှက်လိုက်တာ ဖြစ်ပါတယ်။ လည်ချောင်းရှင်းပြီးရင် တံတွေးကို မျိုချလိုက်ပါ။ ဒါဟာ လျှာကိုအာခေါင်မိုးနဲ့ ထိသွားစေကာ အာခေါင်ပျော့ကို ပိတ်လိုက်ပြီး မငိုနိုင်အောင် လုပ်လိုက်တာဖြစ်ပါတယ်။

No comments:

Post a Comment