Saturday, April 20, 2013

သင်ယူနားလည်ခွင့်ရလိုက်တဲ့...ည။






မနေ့ညက ကျွန်မတို့ အိမ်နားမှာ တရားပွဲတစ်ခု ကျင်းပတယ်။ ဘုန်းဘုန်းတရားဟောချိန် ည (၈) နာရီလောက် ကျွန်မတို့ အိမ်ရှေ့မှာ ဆိုက်ကားတွေ အစီး(၃၀)လောက် စုဝေးရောက်နေ တာ တွေ့ရတယ်။

သူတို့ထဲမှာ တစ်ယောက်က အရက်ကို အမြဲသောက်တတ်တဲ့၊ ကျွန်မစီးနေကျ ဦးလေးတစ်ဦးပါဝင်ပြီး သူပါ တရားနာရောက်နေတာ
တွေ့ရတော့ ကျွန်မ၀မ်းသာမိတယ်။

ဆိုက်ကားသမားတော်တော်များများက ပင်ပမ်းတာ ဖြေဖျောက်ဖို့ အရက်သောက်တတ်ကြတယ်။ များသောအားဖြင့်ဆိုက်ကားနင်းသူများက အသက်အရွယ်ကြီးသူ၊ လောကဓံ အထုအထောင်းကြောင့် ရှိရင်စွဲထက် အိုစာနေသူ၊ မိသားစုစားအိုးအတွက် ပင်ပမ်းကြီးစွာ ရှာဖွေစားသောက်ရသူ၊ စီးပွားရေးမပြေလည်ကြသူ များကြပါတယ်။

တရားပွဲပြီးချိန် ည၁၀နာရီမှာ အစီအစဉ် ကြေညာသူက “တရားနာလာသူ မိဘပြည်သူများ အိမ်အပြန် သွားလာလွယ်ကူစေဖို့အတွက် နိဗ္ဗာန်ကူးတို့အဖြစ် အနှေးယာဉ်အလုပ်သမားများအဖွဲ့က အိမ်အရောက် အခမဲ့ပို့ဆောင်ပေးပြီး လုပ်အားလှူပါ့မယ်” လို့ ကြေညာတော့ ကျွန်မအိမ်အောက်ကို ချက်ချင်းထွက်ကြည့်လိုက်မိတယ်။

တူညီဦးထုတ်အ၀ါရောင်လေးတွေနဲ့ “ဆိုက်ကားပေါ်ကြွကြပါခင်ဗျာ” “ လုပ်အားဒါနလုပ်ပါတယ်၊ လာစီးကြပါခင်ဗျာ”ဆို တရားပွဲပြန်သူတွေကို
ခေါ်သူကခေါ်၊ သက်ကြီးရွယ်အိုတွေကိုသေချာတွဲခေါ်လို့ ဆိုက်ကားပေါ်
တင်သူတင်နဲ့၊ တရားပွဲက ပြန်လာသူတွေကို လိုက်လံခေါ်ဆောင်ရင်း ကုသိုလ်ဒါန ယူနေကြတဲ့ ဆိုက်ကားဆရာများ...။

ကျွန်မလေ... ဆိုက်ကားတန်းအရှည်ကြီး ကျွန်မမျက်စေ့အောက်က မပျောက်မချင်း မျက်တောင်မခတ်နိုင်ပဲ ကြည်နူးစိတ်နဲ့ စောင့်ကြည့်နေမိခဲ့တယ်။

လမသာတဲ့ညမှာ ကြယ်ဖြူလေးတွေ ကောင်းကင်ပြင်အနှံ့ တချိန်တည်း တစ်ပြိုင်နက်တည်း ဖြိုးခနဲဖျတ်ခနဲ လင်းလက်သွားသလို ခံစားမိလိုက်ရတဲ့..ည..။ ကျွန်မ သင်ယူနားလည်ခွင့်ရလိုက်တဲ့...ည။

သြော်.. ကုသိုလ်ဆိုတာမျိုးက ယူတတ်ရင် ဘယ်သူမဆို ရယူနိုင်တာမျိုးပါလားနော်။

No comments:

Post a Comment