Tuesday, April 23, 2013

ဘော်စတွန်ဗုံးခွဲမှုနှင့်ပတ်သက်သည့် သမ္မတ အိုဘားမားမိန့်ခွန်း

Burma-Newselite
ဘော်စတွန်ဗုံးခွဲမှုကြောင့် သေဆုံးသွားသူတွေအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲတရပ် ကို ဘော်စတွန်မြို့မှာ ဒီကနေ့ ကျင်းပခဲ့ရာမှာ သမ္မတ အိုဘားမားတက်ရောက်ပြီး စကားပြောဆိုခဲ့ပါတယ်။ သူ့မိန့်ခွန်းကို လေ့လာသူတွေက အကောင်းဆုံးမိန့်ခွန်းလို့ မှတ်ချက်ပေးကြပါတယ်။
မိနစ် ၂၀ ကြာမိန့်ကြားခဲ့တဲ့ သမ္မတမိန့်ခွန်းကို တတ်အားသလောက် ဘာသာပြန်ဆိုပြီး ဒီမှာရှယ်ပေးလိုက်ပါတယ်။ ဒီဘာသာပြန်ဆိုချက်ဟာ Burma-Newselite ရဲ့ ပြန်ဆိုချက်သာဖြစ်ပြီး တရားဝင် ဘာသာပြန်မှုမဟုတ်ကြောင်းပါ။ အမှားအယွင်း၊ မပြည့်စုံမှုများ ရှိခဲ့ရင် Burma-Newselite ရဲ့ မှားယွင်းမှုသာ ဖြစ်ပါတယ်။
မူရင်း အင်္ဂလိပ်ဘာသာကိုလည်း နောက်ဆုံးမှာ တွဲထဲ့ထားပါတယ်။
------------------------------------------------------------
--
တနလာင်္နေ့မနက်မှာ ဘော်စတွန်မြို့ပေါ်နေရောင်လွှမ်းခြုံနေခဲ့ပြီး လူတွေကြားမှာ ပန်းခြံတွေထဲမှာ နွေဦးက အစွမ်းကုန်စွင့်နေခဲ့ပါတယ်လို့ အစချီပြီး သမ္မတအိုဘားမားက ဘော်စတွန်အကြောင်း ပြောပါတယ်။

.... ဒီလိုနေ့မျိုးမှာ ရာထောင်ချီနေတဲ့ ဘော်စတွန်မြို့သားတွေဟာ အပြေးသမားတွေကို ရေခွက်ကမ်းပေးဖို့ အားပေးဖို့ မြို့တလျှောက် တန်းစီနေခဲ့ပါတယ်။ ဘော်စတွန်မြို့ရဲ့ အင်မတန်လှတဲ့ နေ့တနေ့ပါ။ ဒါကြောင့်လည်း တချိန်က ကဗျာဆရာတဦးက ဒီမြို့ဟာ ရိုးရိုး မြို့တော်တခု တင်မဟုတ်ပါဘူး။ ဘော်စတွန်ဟာ ဂုဏ်ကျက်သရေအပေါင်းနဲ့ ခငြောင်းတဲ့ မြို့လို့ ရေးခဲ့ဖူးပါတယ်။

ဒါပေမဲ့ ရုတ်တရက် အချိန်တိုတိုအတွင်းမှာပဲ လှပတဲ့နေ့တနေ့ဟာ
ကြေမွလို့သွားခဲ့ရပါတယ်။ ပျော်ရွှင်ဖွယ် ဆင်နွဲနေရာကနေ ကြေကွဲဝမ်းနဲ စရာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ကျနော်တို့ အတူတကွ ဒီဆုံးရှုံးမှုတွေအတွက် ဒီကနေ့ ဆုတောင်း ကြေကွဲ ၀မ်းနဲနေရပါပြီ။ ဒါပေမဲ့ ဒီ မြို့ရဲ့ ဂုဏ်ကြက်သရေပြန်ပြီးတင်နိုင်ဖို့၊ မြို့ရဲ့စိတ်ဓာတ်ဟာ ကျဆင်းမသွားဘူး ဆိုတာပြသနိုင်ဖို့၊ မြို့ရဲ့ ၀ိဥာဏ်ဟာ တောက်ပနေဆဲဆိုတာ သိသာအောင်လို့ ကျနော်တို့ဟာ ဒီကနေ့ အတူရှိနေကြတာလည်း ဖြစ်တယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူး ပက်ထရစ်၊ မြို့တော်ဝန် မာနီနို၊ ဘုန်းတော်ကြီး အိုမာလေးနဲ့ အခုဒီကို ရောက်နေကြတဲ့ ဘာသာရေးခေါင်းဆောင်ကြီးများ ၊ ပြည်နယ်မှူး ရွမ်နီ၊ စ၀ိဗ်၊ ၀က်လ်နဲ့ ဒုကာကီး၊ ကွန်ကရက်အဖွဲ့ဝင်များ၊
ဘော်စတွန်မြို့သားများနဲ့ ခင်ဗျားတို့ရဲ့ နှလုံးသားတစိတ်တပိုင်းကို ဆုံးရှုံးလိုက်ရတဲ့ မိသားစုများခင်ဗျား၊ လူကြီးမင်းတို့ရဲ့ ဦးဆောင်မှုတွေ အတွက် ကျေးဇူးတင်ပါတယ်။ လူကြီးမင်းတို့ရဲ့ သတ္တိနဲ့ ဂုဏ်သရေရှိမှုတွေ အတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

ကျနော်ဟာ ဒီနေရာကို အမေရိကန်ပြည်သူတွေရဲ့ကိုယ်စား ရိုးရိုးရှင်းရှင်း သတင်းစကား တခုနဲ့ လာခဲ့ပါတယ်။

ကျနော်တို့ တဦးတိုင်း တယောက်တိုင်းဟာ ခင်ဗျားတို့ရဲ့ ချစ်လှစွာသော
မြို့ကိုတိုက်ခိုက်ခံရမှုအတွက် ထိခိုက်ခံစားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမြို့ဟာ ကျနော်တို့ အားလုံးချစ်တဲ့ မြို့ လည်း ဖြစ်လို့ပါပဲ။
ခင်ဗျားတို့ရဲ့ မြို့ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ မြို့လို့လည်း
ပြောပါရစေ။ ဒီမြို့ဟာ အမေရိကန်နိုင်ငံရဲ့ အထင်ကရမြို့တမြို့ ဖြစ်သလို ကမ္ဘာ့အကြီးကျယ်ဆုံး မြို့ထဲကတမြို့လည်း ဖြစ်ပါတယ်။ ဘော်စတွန်ဟာ ကမ္ဘာကို နွေးထွေးစွာ လက်ခံကြိုဆိုတဲ့အတွက်လည်းပဲ ဘော်စတွန်ကို ကမ္ဘာက အတော်သိနေကြတာပါ။

ပြီးခဲ့တဲ့ ကျနော်တို့ရဲ့ မျိုးဆက်အဆက်ဆက်မှာ ဘော်စတွန်ဟာ ကျနော်တို့ရဲ့ နိုင်ငံရဲ့ကမ်းခြေကို အသစ်အသစ်ရောက်လာကြသူတွေကို အဆက်မပြတ်ကြိုဆိုနေခဲ့ပါတယ်။ ဒီရွှေ့ပြောင်းလာကြသူတွေက ဒီမြို့၊ ဒီနယ် ဒီနိုင်ငံကို စဉ်ဆက်မပြတ် သစ်လွင်ဖြတ်လတ်နေစေခဲ့ ပါတယ်။

ဆောင်းဦးကာလတွေမှာ အမေရိကန်နိုင်ငံတခွင်နဲ့ တကမ္ဘာလုံးက
ကျောင်းသား လူငယ်တွေကို ဘော်စတွန်က ကြိုဆိုခဲ့တယ်။
နွေဦးကာလတိုင်းမှာလည်း ခင်ဗျားက သူတို့ကို ပညာအပြည့်နဲ့ ကမ္ဘာကြီးထဲကို ပြန်လွှတ်ပေးခဲ့တယ်။
ဘော်စတွန်ကနေ ဖြန့်ကျက်ပေးလိုက်တဲ့သူတဦးဟာ လူသားတဦးအနေနဲ့ စွမ်းဆောင်နိုင်တဲ့ ပညာရပ်တိုင်းမှာ ထူးချွန်ပြောင်မြောက်သူပဲ ဖြစ်ပါတယ်။

ဘော်စတွန်ရေ၊ ခင်ဗျားဟာ တနှစ်ပြီး တနှစ် အနုပညာ၊ သိပံ္ပ၊ သုတေသနနယ်တွေမှာ အထူးချွန်ဆုံးသူတွေကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ ခင်ဗျားရဲ့ အနုပညာခမ်းမကြီးတွေ၊ ဆေးရုံတွေ၊ ဓာတ်ခွဲခန်းတွေထဲမှာ အတွေးအမြင်တွေ ဖလှယ်ပြီး ကမ္ဘာကြီးကို တပေါင်းတစည်းထဲရှိအောင် လုပ်ခဲ့တယ်။

နောက်ပြီး ဧပြီလရဲ့ တတိယမြောက် တနင်္လာနေ့တိုင်းမှာလည်း ခင်ဗျားဟာ ကမ္ဘာအရပ်ရပ်က လူမျိုးစုံ ဘာသာစုံ အရွယ်စုံက ယောက်ျား မိန်းမတွေကို စုစည်းပြီး ချစ်ကြည်ရင်းနှီးမှုတွေအတွက် ဒီလိုကောင်းမွန်တဲ့အားကစား
ပြိုင်ပွဲတွေ အတွက် ဖိတ်ခေါ်ခဲ့တယ်။ ကိုယ်စားပြုမှုပေါင်းများစွာနဲ့
ဟောဟိုက အလံတွေဟာ ပန်းဝင်တဲ့မျဉ်းပေါ်မှာ ပျံဝဲလို့နေခဲ့ပါတယ်။

လူတွေက ဘော်စတွန်ကို တရက်ပဲလာလာ၊ နှစ်ရှည်လများပဲ နေနေ သူတို့ပြန်ကြတဲ့အခါမှာ သူတို့ရင်ထဲမှာ ဒီမြို့ရဲ့ တစိတ်တပိုင်းက တွယ်ညှိလို့ ပါသွားခဲ့တာပါ။ ဒီတော့ ဘော်စတွန်ကို ခင်ဗျားတို့ရဲ့ မြို့လို့ ဆိုပေမဲ့ ကျနော်တို့လည်း နဲနဲလေးတော့ဖြင့် ဆိုင်ပါတယ်လို့ ပြောခွင့်ပေးပါ။ ဘာကြောင့်လဲဆိုတော့ ဘော်စတွန်ရဲ့ တစိတ်တပိုင်းက ကျနော်ရင်ထဲမှာ ကျန်ရှိနေလို့ပါပဲ။ ခင်ဗျားဟာ မြစ်တဖက်ကမ်းကလာတဲ့ ကျနော့်ကို ဥပဒေကျောင်းသားလေးတယောက် အနေနဲ့ လက်ခံကြိုဆိုခဲ့ပါတယ်။ မီရှယ်ကိုလည်း ဒီလိုပဲ ကြိုခဲ့ပါတယ်။ ပြည်နယ် အမတ်ဘ၀နဲ့ လူတချို့ကပဲ ကျနော့်နာမယ်ကို မှန်မှန်ကန်ကန် အသံထွက်နိုင်ခဲ့တဲ့အချိန်ကလည်း ညီလာခံတခုမှာ ခင်ဗျားဟာ ကျနော့်ကို လက်ကမ်းကြိုခဲ့ပါတယ်။

ခင်ဗျားတို့လိုပဲ မီရှယ်နဲ့ ကျနော် ဒီလမ်းမတွေမှာ လျှောက်လှမ်းခဲ့ပါတယ်။ ခင်ဗျားတို့လိုပဲ ဒီနေရာကို ကျနော်တို့ သိပါတယ်။ နောက်ပြီး ခင်ဗျားတို့လိုပဲ ဒီကြေကွဲဖွယ်ရာအချိန်မှာ ခင်ဗျားတို့နဲ့အတူ တွဲပြီး ဒီလိုပြောချင်ပါတယ်။ ဘော်စတွန်ရေ၊ ခင်ဗျားဟာ ကျနော့်အိမ်ပါ။ သန်းပေါင်းများစွာသော ကျနော်တို့အားလုံးအတွက် တနင်္လာနေ့က ဖြစ်ခဲ့တာဟာ ကျနော်တို့နဲ့ ဆိုင်ပါတယ်။ ဒါဟာ ကျနော်တို့အတွက် ပုဂ္ဂိုလ်ရေး ဖြစ်သွားပါပြီ။

ဒီကနေ့ ကျနော်တို့ရဲ့ ဆုတောင်းမေတ္တာတွေဟာ မက်ဖို့က ကင်းပဲလ်ရဲ့ မိသားစုအတွက် ဖြစ်ပါတယ်။ သူတို့လည်း ဒီမှာ ရှိနေပါတယ်။ သူတို့သမီး ခရစ်တယ်ဟာ အမြဲတန်း ပြုံးရွှင်နေခဲ့တဲ့သူပါ။ သူ့ကိုသိခဲ့သူတွေပြောပြတာကတော့ ဆံပင်နီနီ၊ မှဲ့ခြောက်လေးတွေနဲ့ အမြဲလိုသူ့စိတ်ထဲရှိတာပြောတတ်တဲ့ မိန်းကလေးဟာ အင်မတန်လှပပါတယ်။ တခါတလေနဲနဲတော့ အသံကျယ်တတ်ပါတယ်။ ဒါကြောင့်လည်းသူ့ကို လူတိုင်းက ချစ်ကြတာပါတဲ့။ နောက်လမှာ သူဟာ အသက် ၃၀ ပြည့်မှာပါ။ သူ့မိခင် မျက်ရည်ကြားက ပြောသလိုပါပဲ။
ဖြစ်ခဲ့တာက နားကိုမလည်နိုင်စရာပါပဲ။

ဒီမြို့ကနေ ပေးဝေနိုင်တဲ့ အတွေ့အကြုံတွေကို ရရှိစေဖို့ သူတို့ရဲ့ သမီး လင်ဇီကို ဘော်စတွန်တက္ကသိုလ်ကို လွှတ်ခဲ့တဲ့ တရုတ်နိုင်ငံက Lu မိသားစုအတွက် ကျနော်တို့ရဲ့ ဆုတောင်းမေတ္တာတွေကို ပို့သပါတယ်။
သူဟာ အိမ်နဲ့ ဝေးကွာနေတဲ့ အသက် ၂၃ နှစ် အရွယ် ကျောင်းသူ တယောက်ပါ။ သမုဒ္ဒရာကြီးရဲ့ နှစ်ဘက်စလုံးမှာရှိနေတဲ့ သူ့ရဲ့ မိတ်ဆွေတွေ မိသားစုတွေရဲ့ နှလုံးကြေကွဲမှုတွေထဲမှာပဲ ကျနော်တို့ဟာ လူသားတွေ မျှဝေခံစားနေရတဲ့ အဖြစ်ကို သတိပြုမိရပါတယ်။

ပြန်လည်နလံထူနိုင်ဖို့ ကြိုးပန်းနေကြတဲ့ ဒေါ်ချက်စတာက ရစ်ချတ်မိသားစုနဲ့လည်း ကျနော်တို့ရဲ့ ဆုတောင်းမေတ္တာ ရှိနေပါတယ်။ ဒဲနီးနဲ့ သမီးငယ် ဂျိန်းအတွက်လည်း ဆုတောင်းပါတယ်။
တောက်ပတဲ့ မျက်လုံးတွေနဲ့ အားရပါးရပြုံးရယ်နေတဲ့ ၈ နှစ်သားလေး မာတင်အတွက် ကျနော်တို့ နှလုံးတွေ ကြေကွဲရပါတယ်။ သူ့ရဲ့ နောက်ဆုံးနာရီကတော့ ၈ နှစ်သားလေးအတွက် အင်မတန်မှ ပြည့်စုံနေခဲ့တာပါ။ သူ့မိသားစုနဲ့ အားကစားပွဲမှာ ရေခဲမုန့်စားပြီးတော့ပေါ့။
ဒီကလေးရဲ့ ပုံရိပ်ဟာ ကျနော်တို့ ရင်ထဲမှာ ကာလရှည်ကြာ ကျန်ရစ်နေမှာ ဖြစ်ပါတယ်။ အမြဲတန်းပြုံးရယ်နေတာတွေ၊ ပိုစတာအပြာရောင်ပေါ်မှာ ရေးခဲ့တဲ့ သူ့ဆုတောင်းတွေ၊ ဘာတဲ့... လူတွေကိုနာကျင်အောင်မလုပ်ကြပါနဲ့။ ငြိမ်းချမ်းရေးကို လိုလားတယ်။ လူတွေကိုနာကျင်အောင် မလုပ်ကြပါနဲ့။ ငြိမ်းချိမ်းရေးကို လိုလားတယ်တဲ့။

ကျနော်တို့ရဲ့ ဆုတောင်းမှုတွေဟာ ထိခိုက်ဒဏ်ရာရသူတွေနဲ့အတူ ရှိနေပါတယ်။ အချို့ဆိုရင် အတော်ဒဏ်ရာပြင်းထန်ကြတာပါ။ အတော်များများက ကျနော်တို့ဒီမှာ စုဝေးနေကြတာကို သူတို့ရဲ့ အိပ်ရာပေါ်ကနေ ကြည့်ရှုနေကြမယ်ဆိုရင် သူတို့ကို သိစေချင်ပါတယ်။ ခင်ဗျားတို့ ပြန်လည်နလံထူနိုင်ဖို့ ခရီးကြမ်းကြီးကို စတင်နေချိန်မှာ ခင်ဗျားတို့ရဲ့ မြို့ဟာ ခင်ဗျားတို့နဲ့အတူ ရှိနေပါတယ်။ ခင်ဗျားတို့ နယ်၊ ခင်ဗျားတို့ နိုင်ငံက ခင်ဗျားတို့နဲ့ အတူ ရှိနေပါတယ်။ ခင်ဗျားတို့ ပြန်ပြီး ရပ်နိုင် လျှောက်နိုင် ပြေးနိုင်တဲ့အချိန်အထိ ကျနော်တို့ဟာ ခင်ဗျားတို့နဲ့ အတူ ရှိနေမှာပါ။ ဟုတ်ပါတယ်။ ပြန်ပြီး ပြေးနိုင်တဲ့ အချိန်အထိပါ။ ဒီအပေါ်မှာ ကျနော် သံသယမရှိပါဘူး။ ခင်ဗျားတို့ ပြန်ပြီး ပြေးကြအုန်းမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ဘော်စတွန်သားတွေမို့ပါ။

ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက်ဟာ ဒီလို ရက်စက်ကြမ်းကြုပ်စွာ ကျူးလွန်ခဲ့တဲ့ ဘယ်သူ့ကိုမဆို တွန်းလှန်တုန့်ပြန်လိုက်တဲ့ အကောင်းဆုံး အဖြေပါပဲ။
ကျနော်တို့ကို ကြောက်လန့်သွားအောင်လုပ်ဖို့ ကြိုးစားတယ်ဆိုရင်၊ အကြမ်းဖက်တယ်ဆိုရင်၊ ကျနော်တို့ကို အမေရိကန် ဖြစ်စေတဲ့ တန်ဖိုးတွေကနေ လှုပ်ခါချဖို့ ကြံစီတယ်ဆိုရင်တော့ အခုလောက်ဆိုရင် သူတို့လည်း ရှင်းရှင်းလင်းလင်း သိလောက်ပါပြီ။ သူတို့ နေရာအရွေးမှားသွားတယ်ဆိုတာ။ ဘော်စတွန်မှာမှ ဒါမျိုး မရဘူး။ ဘော်စတွန်ကို ဒီလိုလုပ်ဖို့ မရဘူး။

မကောင်းဆိုးဝါးမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာ အမေရိကန်ဟာ
ကောင်းမြတ်မှုတွေကိုသာ မြှင့်တင်တယ်ဆိုတာကို ဘော်စတွန်က ကျနော်တို့ကို ပြသခဲ့ပါပြီ။ ရက်စက်ကြမ်းကြုပ်မှုကိုတွေ့ချိန်မှာ ကျနော်တို့က သနားစာနာမှုကို ရွေးပါတယ်။ အပစ်မဲ့သူတွေကို သေကြေအောင် ဖန်တီးသူတွေရှေ့မှောက်မှာ ကျနော်တို့က ကယ်ဆယ်ဖို့၊ နှစ်သိမ့်ဖို့နဲ့ ကုစားပေးဖို့ကို ရွေးချယ်ပါတယ်။ ခင်မင်ရင်းနှီးမှုကို ကျနော်တို့ ရွေးပါတယ်။ ချစ်ခင်မှုကို ကျနော်တို့ ရွေးပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျမ်းစာတွေက ကျနော်တို့ကို သင်ပါတယ်။ ဘုရားသခင်ဟာ ကျနော်တို့ကို အကြောက်တရားနဲ့ တွန့်ဆုတ်တဲ့ ၀ိဥာဏ်တွေ မပေးခဲ့ပါဘူး။ သူပေးခဲ့တာက ခွန်အား၊ မေတ္တာနဲ့ ကိုယ်ပိုင်ပြဌာန်းတဲ့ စည်းကမ်း ခံယူချက်တွေပါ။ ဒီရက်ပိုင်းတွေမှာ ခင်ဗျားတို့က ဒီစိတ်ဓာတ်တွေကို ပြသခဲ့ကြတယ်။

ဆရာဝန်တွေ၊ သူနာပြုတွေ၊ ရဲဝန်ထမ်းတွေ၊ မီးသတ်သမားတွေ၊ အရေးပေါ်လုပ်သားတွေ၊ အစောင့်အကြပ်တွေက
ပေါက်ကွဲမှုတွေထဲက ပြေးဝင်ပြီး ဒဏ်ရာရနေတဲ့သူတွေကို ကုသကူညီတာ - ဒါဟာ ကိုယ်ပိုင်ခံယူချက်ပါ။ အမောဆို့နေတဲ့ အပြေးသမားတွေ၊ ကျနော်တို့ တပ်ဖွဲ့ဝင်တွေနဲ့စစ်ပြန်တွေအပါအ၀င် ဒီလို အစုလိုက်အပြုလိုက်
သေကြေအောင် အကြမ်းဖက်တာတွေကို ဒီလမ်းမတွေပေါ်မှာ မြင်ရမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့သူတွေ၊ ဒီလူတွေက ဖြစ်ဖြစ်ချင်းပဲ ဒဏ်ရာရသူတွေကို ၀င်ကူခဲ့ကြတာတွေက ဒါက တကဲ့ အင်အားတွေပါ။ ဘော်စတွန်မြို့သားတွေက ဒဏ်ရာရသူတွေကို သူတို့လက်နဲ့ သယ်ပိုးပေးခဲ့တာ၊ ရေနဲ့ အနွေးစောင်တွေ ကမ်းပေးခဲ့တာ၊ သွေးလှူဖို့ တန်းစီစောင့်ဆိုင်းနေခဲ့တာ၊ ကိုယ်နဲ့ မသိတဲ့ သူစိမ်းတွေကို အိမ်မှာလက်ခံပေးခဲ့တာ၊ မိသားစုနဲ့ ကွဲသွားသူတွေကို သူတို့ အိမ်တွေကို ကူညီပို့ဆောင်ပေးခဲ့ကြတာ - ဒါတွေက မေတ္တာတွေပါ။

ဒါဟာ ကျနော်တို့ပြည်သူတွေကို အန္တရာယ်ပြုမဲ့သူတွေ၊ ဖောက်ခွဲအကြမ်းဖက်သူတွေဆီကို ကျနော်တို့ကနေ ပေးပို့တဲ့ သတင်းစကားပါပဲ။ ခင်ဗျားတို့ကို ကျနော်တို့ ရှာတွေ့မှာပါ။ တရားဥပဒေအရ အရေးယူစီရင်ခံရမှာကလည်း အသေအချာပါပဲ။ ခင်ဗျားတို့ကို ကျနော်တို့ တွေ့မှာပါပဲ။ ခင်ဗျားတို့ရဲ့ကျူးလွန်မှုအပေါ် တာဝန်ယူရမှာပါပဲ။ ဒါပေမဲ့ အဲဒီထက်ပိုတာကတော့ ကျနော်တို့ရဲ့ မှန်ကန်တဲ့ သစ္စာတရားဖြစ်တဲ့ လွတ်လပ်ပြီး ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဟာ ပိုပြီးတော့ ခိုင်မာဖွံ့ဖြိုးလာတယ်၊ ဒါဟာဘာကြောင့်လဲဆိုတော့ ဘုရားသခင်က ကျနော်တို့ကို အကြောက်တရားနဲ့ တွန့်ဆုတ်တဲ့ ၀ိဥာဏ်တွေ မပေးခဲ့ဘဲ ခွန်အား၊ မေတ္တာနဲ့ ခံယူချက်တွေကို ပေးခဲ့လို့ ပါပဲ။

သူရဲ့ မသန်စွမ်းတဲ့သားဖြစ်သူ ရိခ်ကို ဘော်စတွန် ၃၁ ကြိမ်မြောက် မာရသွန်မှာ တွန်းပြီး ပြေးခဲ့ဖူးတဲ့ အသက် ၇၈ နှစ်အရွယ် ဘီလ်အီဖရစ်လိုပါပဲ၊ ဒီလိုအဖြစ်က ကျနော်တို့အားလုံးကို ရပ်တန့်သွားအောင်လုပ်လို့ မရပါဘူး။ မရပါဘူး။ ဒါက ဘော်စတွန်က ကျနော်တို့ကို သင်ပေးလိုက်တဲ့ အရာပါ။ ပူပင်ကြောင့်ကြမနေဘဲ နာကျင်နေရင်တောင် လဲကျမသွားဘဲ ဆက်တွန်းဖို့၊ တောင့်ခံထားဖို့ ခင်ဗျားက ကျနော်တို့ကို သတိပေးနေတာပါ ဘော်စတွန်ခင်ဗျား။

ကျနော်တို့ မောပန်းနာကျင်နေတာချိန်မှာတောင် ကျနော်တို့ဆီမှာ ရှိမယ်လို့တောင် ထင်မထားတဲ့ အင်အားတွေကိုရယူပြီး ကျနော်တို့ဟာ ဆက်လျှောက်လှမ်းခဲ့ပါတယ်။ ပြိုင်ပွဲကို အဆုံးတိုင်လျှောက်လှမ်းခဲ့ပါတယ်။ ဘာလို့ ကျနော်တို့ ဒီလိုလုပ်ခဲ့သလဲ။ ကျနော်တို့ ဟာ ဒီလိုလူတွေ ဖြစ်လို့ပါ။ ဘာကြောင့်လဲဆိုတော့ ရှေ့တကွေ့မှာ ရေတခွက်နဲ့ စောင့်နေမယ့် ကျနော်တို့ မသိတဲ့ သူစိမ်း တယောက်ယောက်ရှိနေတယ်ဆိုတာ ကျနော်တို့ သိနေလို့ပါပဲ။ နောက်တကွေ့လေးမှာ ကျနော်တို့ကို တခဲနက်အားပေးမဲ့သူ တယောက်ယောက် ရှိနေလို့ ပါပဲ။ အခက်ခဲဆုံး မိုင်တွေကိုရောက်လာချိန်မှာ ဘယ်လိုမှ ဆက်မသွားနိုင်တော့ဘူးလို့ ထင်ထားတဲ့အချိန်မှာတောင် ကျနော်တို့ကို အားပေးမဲ့သူတယောက်ယောက် ကျနော်တို့လဲကျရင် ထူပေးမဲ့သူ တယောက်ယောက် အမြဲတန်းရှိနေတယ်။ ဒါကို ကျနော်တို့ ဒါကို သိနေပါတယ်။

အခုလို အဓိပ္ပါယ်မဲ့တဲ့ အကြမ်းဖက်မှုကို ကျူးလွန်သူတွေ၊ သေးသိမ်တဲ့ လူတွေက ဒါတွေကို နားမလည်ပါဘူး။ တည်ဆောက်ဖို့ထက် ဖျက်ဆီးဖို့ကို လိုလားပြီး ဒီလိုလုပ်ရင်ကိုပဲ သူတို့ဟာ အရေးပါအရာရောက်လာမယ်လို့ အထင်ရောက်နေတာပါ။

ကျနော်တို့ရဲ့ တဦးပေါ်တဦးထားရှိတဲ့ ယုံကြည်မှုတွေ၊ မေတ္တာတွေ၊ ကျနော်တို့ နိုင်ငံကို ချစ်ခင်မြတ်နိုးမှုတွေ၊ အပေါ်ယံ ကွဲပြားခြားနားမှုတွေကို ကျော်လွန်နိုင်တဲ့ ကျနော်တို့ရဲ့ ဘာသာအယူဝါဒတွေ၊ ဒါတွေက ကျနော်တို့ရဲ့ စွမ်းအားတွေပါ။ အင်အားတွေပါ။ ဒါကြောင့်မို့လို့လည်း ဗုံးတလုံးက ကျနော်တို့ကို ပြိုလဲသွားအောင်မလုပ်အောင်ပါဘူး။ ဒါကြောင့်မို့လို့လည်း ကျနော်တို့ဟာ လဲကျမသွားပါဘူး။ ကြောက်ရွံ့မသွားပါဘူး။
ကျနော်တို့ ဆက်လက်လျှောက်လှမ်းနေပါတယ်။ ဆက်လက် ယှဉ်ပြိုင်နေပါတယ်။ ဆက်လက် ကြိုးပန်းအားထုတ်နေပါတယ်။ တည်ဆောက်နေတယ်။ လုပ်ကိုင်နေတယ်။ မေတ္တာတွေပေးဝေတယ်။ ကလေးတွေကို ကျွေးမွေးသုတ်သင်တယ်။ ဒါတွေကို ကျနော်တို့က တပြိုင်နက်တည်း လုပ်နေကြတယ်။

ကျနော်တို့ဟာ အတူတကွ ဘ၀ကို တည်ဆောက်ဖို့၊ ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွဲဖို့ ဖြစ်တယ်။ ကျနော်တို့ မြို့တွေထဲ လျှောက်ကြပြီး နယူးယောက်၊ ချီကာဂို ပရိဿတ်တွေနဲ့အတူ ကျနော်တို့ရဲ့ အသင်းတွေဖြစ်တဲ့ Sox, Celtics, Partiots , Bruin ပဲဖြစ်ဖြစ် ချန်ပီယံပြန်ဖြစ်ကြသူတွေကို အားပေးကြတယ်။
ပရိဿတ်တွေ စုဝေးပြီးဘွိုင်စတွန်လမ်းမတလျှောက် လျှောက်သွားကြမဲ့ ချီတက်ပွဲကြီးကို စောင့်ကြည့်ကြအုန်းမှာပါ။ နောက်နှစ်ဒီအချိန် ဧပြီလရဲ့ တတိယမြောက် တနင်္လာနေ့မှာ ကမ္ဘာက ဒီအမေရိကန်မြို့ကို ပြန်လာကြပြီး ၁၁၈ ကြိမ်မြောက် ဘော်စတွန်မာရသွန်ပွဲမှာ ဘယ်တုန်းကနဲ့မှမတူအောင် အားသွန်ခွန်စိုက် ပြေးကြပါအုန်းမယ်။ ဘယ်တုန်းကနဲ့မှမတူအောင်လည်း ကျယ်ကျယ်လောင်လောင် ချီးမြောက်အားပေးကြပါလိမ့်မယ်။ စောင့်ကြည့်လိုက်ကြစမ်းပါ။

ကျနော်တို့ရဲ့ ရှေ့မှာ ပြင်ဆင်ထားတဲ့ ပြိုင်ပွဲကို သည်းခံနိုင်ရည် အပြည့်နဲ့ ပြေးပါလို့ ကျမ်းစာတွေက ကျနော်တို့ကို သင်ကြားနေပါတယ်။ ဒီသင်ကြားမှုကို ကျနော်တို့ နာခံကျင့်သုံးနေတဲ့ တချိန်ထဲမှာပဲ ကျနော်တို့ဆီကနေ အချိန်စောစွာ
ခေါ်ယူသွားသူတွေကို ဘုရားသခင်က အနားမှာ ခေါ်ယူထားပါစေ။ သူတို့ရဲ့ မိသားစုတွေကို ဘုရားရှင်က ဖြေသိမ့်မှုတွေပေးပါစေ၊ အမေရိကန်ပြည်ထောင်စုကို ဘုရားသခင်က ဆက်လက် စောင့်ရှောက်ပါစေ။
သမ္မတ အိုဘားမားရဲ့ မိန့်ခွန်း၊ ဧပြီလ ၁၈ ရက် ၂၀၁၃ ခုနှစ်

No comments:

Post a Comment