သြဂုတ်လ ၆ ရက်၊ ၂၀၀၇ ခုနှစ်။
ဇနီးဖြစ်သူ မခင်၏ နှိပ်စက်မှုကို မခံနိုင်သည့်အဆုံး ကွာရှင်းပြတ်စဲခွင့်ပြုပါရန် ယောက်ျားဖြစ်သူ ကိုမောင်က တရားရုံးတွင် တင်ပြလိုက်သည်။
တရားသူကြီးက မခင်ကို မေးမြန်းသည်။
“မခင် ကိုမောင်ရဲ့ ပါးကိုရိုက်တယ်ဆို။ ဟုတ်လား။”
“ကျမရဲ့ ယောက်ျားပဲ တရားသူကြီးရယ်။ ကျမက ရိုက်ရက်ပါ့မလားရှင်။”
တရားသူကြီး ထပ်မမေးခင် ---
“မဟုတ်ဘူး တရားသူကြီးမင်း။ သူလိမ်ပြောနေတာပါ။” ဟု ကိုမောင် က ဖြတ်ပြော လိုက်ရာ--
မခင်က ဒေါသတကြီးဖြင့် ----
“ကိုမောင် ရှင့်ပါးစပ်ပိတ်ထားစမ်း။ ကျန်တဲ့ ပါးတဖက် ထပ်ကွဲချင်လို့လား။”
နိမိတ်ကောက် တော်လိုက်ပုံက
သြဂုတ်လ ၆ ရက်၊ ၂၀၀၇ ခုနှစ်။
ကိုခင်ဇော်တယောက် ကြက်ဝိုင်းတွင် ရောက်နေပြန်သည်။
ဘယ်ကြက်လောင်းရမည်ကို စဉ်းစားနေခိုက် တိုက်ကြက်ပိုင်ရှင်တဦးက-
“ ‘သေချင်းဆိုး’ တဲ့ကွ အသေဆိုးနဲ့ သေချင်တဲ့ကြက်တွေ စိမ်ခေါ်တယ်ကွ၊ သူဌေးဖြစ်ချင် ‘သေချင်း ဆိုး’ဘက်နေ။” ဟု စိမ်ခေါ်လိုက်သည်။
တခြားသူတွေကတော့ နာမည်ကိုက နိမိတ်မရှိ နမာမရှိနဲ့ ဆိုပြီး တခြားကြက်ကို ၀ိုင်းလောင်းကြသည်။
ကိုခင်ဇော်တယောက်သာ ပါတဲ့ ပိုက်ဆံအားလုံးကို သေချင်းဆိုးဖက်မှ လောင်းလိုက်သည်။
ပွဲစပြီး နှစ်ချီမြောက်တွင် သေချင်းဆိုးက တဖက်တိုက်ကြက်ကြီးကို လည်ငိုက်ကျသွားအောင် အနိုင်ပိုင်းသွား သဖြင့် ကိုခင်ဇော်တစ်ယောက် လောင်းကြေး အမြောက်အများရသွားသည်။
“ဒီ ‘သေချင်းဆိုး’ ကြက်အနိုင်ရမယ်ဆိုတာ ခင်ဗျား ဘယ်လိုလုပ်သိလဲဗျ။” ဟု အနားက လူတစ်ယောက် က မေးလိုက်သည်။
“ကျွန်တော့်မိန်းမပေါ့ဗျာ၊ သူပေးလိုက်တဲ့ နိမိတ်ပေါ့၊ ကြက်ဝိုင်းသွားမယ်လဲသိရော၊ ကျွန်တော်အိမ်က အထွက် သတိလှမ်းပေးလိုက်တယ်လေ၊”
“ဘယ်လိုသတိပေးတာလဲဗျ။”
“ ‘သေချင်းဆိုး’ တဲ့ဗျ။”
အထိုးခံရမှာ စိုးလို့
ဇူလိုင်လ ၃၀ ရက်၊ ၂၀၀၇ ခုနှစ်။
ကိုစိုးပိုင်သည် အင်းစိန်မှ ဘတ်စကားစီး၍ လာလေသည်။
လမ်းတွင် ကိုယ်ကာယခပ်တောင့်တောင့်နှင့် လူတယောက်တက်လာ၏။
ထိုင်ခုံများမှာ ပြည့်နေပြီဖြစ်၍ သူထိုင်ခုံဘေးတွင် မတ်တပ်ရပ်လျှက် လိုက်ပါလာသည်။
လမ်းခရီးတွင် ထိုလူက ကိုစိုးပိုင်ကို မေးသည်။
ညီညီညီလေး - - လှည်း - လှည်း - တန်း - ကို - - - ဆင်း - - - ဆင်း - - ရင် ဘယ် -ဘယ်မှာ ဆင်း - - ဆင်းရ - - မှာလဲ။
ကိုစိုးပိုင်က စကားထစ်သော ထိုလူ၏ အမေးကို ပြန်လည်၍ အဖြေမပေးချေ။
သို့နှင့်ထိုသူက ထပ်မေးပြန်လေ၏။
ကိုစိုးပိုင်ကလည်းမဖြေ။
ထိုလူဆင်းရမည့်မှတ်တိုင်လွန်လာေ သာအခါမှ ဘေးက လူတယောက်က မနေနိုင်၍ ထိုလူကို တမှတ်တိုင်လွန် လာကြောင်းပြောလေသည်။
ထို ဗလကောင်းကောင်းလူက ကိုစိုးပိုင်အား ဘုကြည့်ကြည့်၍ ဆင်းသွားလေသည်။
ထိုအခါ ကားပေါ်ပါလာသူများက ကိုစိုးပိုင်အား ၀ိုင်း၍ အပြစ်တင်ကြလေသည်။
မင်းက ဒါလေးမေးတာကို ဘာလို့ ပြန်မဖြေရတာလဲကွ။
ထိုအခါ ကိုစိုးပိုင်က ယခုလို ပြန်ဖြေလေသည်။
ကျ - ကျ နော် - ပြန်- ပြန်ဖြေ - - ရင် - - သူ- သူက - - ထိုး - - - ထိုး - - ထိုး - မှာ- ပေါ့ -ဗျ - - ။
သေချာတာပေါ့
ဇူလိုင်လ ၃၀ ရက်၊ ၂၀၀၇ ခုနှစ်။
စာပို့သမား ကိုလှရွှေသည် ကျေးရွာတရွာသို့ သွားရောက် စာပေးပို့လေ၏။
စာလက်ခံသူ အဖွားအိုက စာမဖတ်တတ်။
ဘယ်သူထံမှလာ၍ ဘယ်လောက် အရေးကြီးသည်ကို သိချင်လှသည်။
ထို့ကြောင့် အဖွားအိုက သူကို စာဖတ်ပြပါရန် တောင်းပန်၏။
သို့နှင့် ကိုလှရွှေက စာဖတ်ပြရသည်။
စာလုံးများမှာသေးငယ်လွန်းပြီး လက်ရေးမှာ ပဲပင်ပေါက်များကဲ့သို့ အဖတ်ရခက်လှသည်။
ထို လက်ရေးမသေမသပ်နှင့် အဖတ်ရခက်သောစာကို ကိုလှရွှေကြိုးစား၍ ဖြေးဖြေး ဖတ်ပြသည်။
အ - အ - အမေ - ကျ - ကျနော် စာ - စာရေး - - လိုက်ပါတယ်။ ကျ - - ကျနော် - -
ကိုလှရွှေ၏စာ ဖတ်၍ မဆုံးသေး။ အဖွားအိုက ဘယ်သူ့ဆီကလာတဲ့စာဆိုသည်ကို ချက်ချင်း သိလိုက်လေ၏။
သိပြီ - သိပြီ ဒါ ငါ့သား အငယ်ဆုံးကောင် ဆီက လာတဲ့စာ၊ ဒီကောင်က ငယ်ကတည်းက စကားထစ်တာ။
ပေးစရာ မလိုဘူး
ဇူလိုင်လ ၂၅ ရက်၊ ၂၀၀၇ ခုနှစ်။
ပြည့်တန်ဆာမှုနဲ့ စွဲချက်တင်ခံရသည့် မိန်းကလေးတစ်ယောက်ကို တရားသူကြီး တစ်ယောက်က စစ်ဆေးနေ သည်။
မေး။ ။ နင့် နာမည်ဘယ်လိုခေါ်လဲ။
ဖြေ။ ။ အို ဘာလို့ မေးတာလဲ။ သူ သိသားနဲ့။
မေး။ ။ နင် ပိုက်ဆံယူပြီး ယောကျာ်းတွေကို ဖျော်ဖြေတယ်ဆိုတာဟုတ်သလား။
ဖြေ။ ။ အို မေးပြန်ပြီ၊ သူလည်း လာဖူးတာပဲ။
တရားသူကြီးမှာ ရှက်လာသည်။ သို့နှင့် ဆက်မမေးတော့ပဲ အမှုကို အမြန်စီရင်ချက်ချလိုက်သည်။
“ပြစ်မှုကျူးလွန်တဲ့အတွက် ငွေဒဏ် (၂၀၀၀) ကျခံစေ။”
မိန်းကလေးက ပြန်ပြောလိုက်သည်။
“ဒါလေးများ - ရပါတယ်။ သူ့အကြွေးထဲက နှိမ်လိုက်ပေါ့။”
ပြီးလို့ မရသေးဘူး
ဇူလိုင်လ ၂၅ ရက်၊ ၂၀၀၇ ခုနှစ်။
သတင်းထောက် ခင်ဇော် အလုပ်လုပ်သော ဂျာနယ်တိုက်မှာ ပြန်ကြားရေးဌာနနှင့် ပနံသင့်လှသည်။ သတင်းစာ ရှင်းလင်းပွဲများမတိုင်မီ မေးသင့်သည့် မေးခွန်းများ ကြိုရထားလေ့ရှိသည်။
သည်တကြိမ်တွင် အစိုးရက တောင်ပေါ်မြို့ကလေးတွင် သတင်းစာရှင်းလင်းပွဲလုပ်ရန် ရွေးချယ်လိုက်သည်။
တောင်ပေါ်လမ်း ကောက်ကောက်ကွေ့ကွေ့ မြင်တော့ ခင်ဇော်မနေနိုင်တော့၊ ၀ါသနာထလာသည်။ မြင်းစီးချင် လာသည်။
သို့နှင့် နာရီပိုင်းစာပေး၍ မြင်းစီးလိုက်သည်။ ကံဆိုးချင်တော့ မြင်းပေါ်မှ လိမ့်ကျသည်။ သတင်းစာရှင်းလင်းပွဲ မ သွားနိုင်တော့။
ထုံးစံအတိုင်း သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးမှ ပြောစရာရှိသည်များပြောသည်။ ထို့နောက် သတင်းစာ ဆရာ များက မေးခွန်းများမေးသည်။
ဝန်ကြီးမှလည်း ပြန်ဖြေသည်။
နောက်ဆုံးတွင် အခန်းအနားလုပ်သူက သတင်းထောက်များကို မေးစရာမေးခွန်းများ ရှိသေးလားဟု မေးသည်။
သတင်းထောက်များထဲမှ မေးခွန်းထွက်မလာတော့။
အခန်းအနားမှူးက ၀န်ကြီး ဖြစ်သော ဗိုလ်မှူးချုပ်ကို ခွင့်တောင်းလိုက်သည်။
“၀န်ကြီးခင်ဗျား- အခန်းအနား အဆုံးသတ်လိုက်ရတော့မလား။”
ထိုအခါ ၀န်ကြီးက -
“နေအုံး၊ အဆုံးမသတ်နဲ့အုံး။ ငါ့မှာ အဖြေနှစ်ခု ကျန်သေးတယ်။”
တိုက်ဆိုင်လိုက်ရင်တော့ သေပြီ
ဇူလိုင်လ ၂၃ ရက်၊ ၂၀၀၇ ခုနှစ်။
သူငယ်ချင်းသုံးယောက် လက်ဖက်ရည်ဆိုင်တွင် ထိုင်ကြရင်း တိုက်ဆိုင်မှုအကြောင်း ပြောနေကြသည်။
ပထမတယောက်က ပြောသည်။
“လောကကြီးက အံသြစရာကြီးကွာ။ ငါ့မိန်းမ ကိုယ်ဝန်ရှိတုံးက မြို့ညီနောင်ဆိုတဲ့ ၀တ္ထု့စာအုပ်ကို ဖတ်တယ်။ မွေးလာတော့ အမွှာ ဖြစ်နေတယ်ကွာ။ ”
ထိုအခါ ဒုတိယတဦးက ထောက်ခံ၍ အခုလိုပြောသည်။
“အေးကွ။ မင်းအဖြစ်နဲ့ ငါ့အဖြစ်က တထပ်တည်းပဲကွာ။ ငါ့မိန်းမကိုယ်ဝန်ဆောင်တုံးက သူရဲကောင်း သုံးယောက်ဆိုတဲ့ စာအုပ်ကို သွားဖတ်တာ မွေးလာတော့ သုံးမွှာပူးမောင်။ တကယ်အံသြစရာပဲကွ။ ”
ဒုတိလူစကားဆုံးသွားသောအခါ တတိယလူက လက်ကျန်လက်ဖက်ရည်ကို ကတိုက်ကရိုက်မော့ချရင်း ဒရော သောပါး ထပြန်လေသည်။
ထိုစဉ်ကျန်နေသော သူငယ်ချင်းများကလှမ်းမေးကြ၏။
“ဟေ့ကောင် ဘာဖြစ်တာလဲကွ၊ ”
“ဘာဖြစ်ရမလဲကွ၊ ငါထွက်လာတော့ ငါ့မိန်းမက အလီဘာဘာနဲ့ ခိုးသားလေးဆယ် စာအုပ်ဖတ်နေ တယ်ကွ။”
တရက် ၅ မိုင်နှုန်း
ဇူလိုင်လ ၁၇ ရက်၊ ၂၀၀၇ခုနှစ်။
ဦးခင်ဇော်တယောက် အသက်ကလေးထောက်လာတော့ အိမ်ထောင်ရေးသုခ အပြည့်အ၀ မရချင်တော့။ ဒါကြောင့် ဆရာဝန်ထံ အကြံတောင်းသည်။
ဆရာဝန်က တရက်ကို ၅ မိုင် လမ်းလျောက်ရန် အကြံပေးသည်။ တပတ်ကြာသည့်အခါ ပြန်ဆက်သွယ်ရန်လည်း မှာလိုက်သည်။
သို့ဖြင့် တပတ်ကြာသွားသည်။
ဒေါက်တာသန်းထိုက် ရုံးခန်းတွင် ဖုံးမြည်လာသည်။
“ကျွန်တော် ခင်ဇော်ပါဆရာ၊ အရင်တပတ်က ဆရာ့ဆေးခန်းကို လာပြတဲ့သူပါ။”
“သြ ဦးခင်ဇော်လား၊ ကျွန်တော် မှတ်မိပါတယ်။ ဘယ်လိုလည်း အိမ်ထောင်ရေးသုခ ပြန်ရပြီလားခင်ဗျ။”
ဦးခင်ဇော်ပြန်ဖြေလိုက်တာကတော့ -------------
“ဒါတော့ ကျွန်တော်မသိဘူးခင်ဗျ။ ဆရာပြောတဲ့အတိုင်း တရက်ကို ၅ မိုင် လမ်းလျောက်တာ အခု ကျွန်တော် အိမ်နဲ့ ၃၅ မိုင်ဝေးတဲ့နေရာ ရောက်နေပြီခင်ဗျ။”
တ၀က်ပဲ-ရမယ်
ဇူလိုင်လ ၁၁၊ ၂၀၀၇ခုနှစ်။
လေမုန်တိုင်းဒဏ်ကို ခံခဲ့ရသော ကျေးရွာတစ်ရွာတွင်ဖြစ်သည်။
ကျေးရွာရဲစခန်းအနီးတွင်နေထိုင်ေ သာ အဖွားအိုတစ်ဦးသည် အိမ်ခေါင်မိုးပျက်ဆီးသွား၍ ကြံရာမရဖြစ်ကာ သိ ကြားမင်းထံသို့ “အိမ်ပြင်ရန်အတွက် ငွေငါးသောင်းလောက်ပေးပါရန်” ဆိုသည့်စာကိုရေးပြီး စားပွဲတခုပေါ် တင်ထားလိုက်သည်။
သိကြားမင်းထံသို့ ရေးထားသောစာသည် လေပြင်းတိုက်ပြီး အနီးရှိ ရဲစခန်းထဲသို့ကျသွားရာ ရဲသားတစ်ဦးက ကောက်ရ၍ စခန်းမှူးထံသို့ ပေးလိုက်သည်။
သနားတတ်ပြီး စေတနာ သဒ္ဓါတရားထက်သန်သော ရဲစခန်းမှူးကရယ်လျှက် “ကဲ--အဖွားကြီးတော့ တော် တော်ဒုက္ခရောက်နေပြီ ငါတို့တွေစုပြီးပေးကြရအောင်” ဆိုပြီး ပိုက်ဆံကောက်ရာ ငွေနှစ်သောင်းငါးထောင် ရသည်။
အဲဒီနောက် ရဲသားတစ်ဦးသည် အဖွားအို၏ အိမ်ကိုသွားပြီး
“အဖွားကြီး သိကြားမင်းဆီ စာရေးထားလား”
အဲဒီအခါ အဖွားအိုက “အေး--ရေးထားတယ်”
ဒါဆိုရင် ရော့ဟုဆိုကာ အဖွားအိုကို ငွေနှစ်သောင်းခွဲပေးရာ အဖွားအိုက ရဲသား ပေးလာသော ငွေကို ရေတွက်ပြီးနောက် ရဲသားကို မျက်မှောင်ကြုံ့ကြည့်ပြီး
“ ငါထင်သားဘဲ ရဲတွေဆီရောက်သွားရင် ပစ္စည်းက တ၀က်ပဲ ရမယ်ဆိုတာ”
No comments:
Post a Comment